အသိပေးမှု အားနည်းသဖြင့် နေရပ်ပြန်ရေး ဆုံးဖြတ်ရခက်

အသိပေးမှု အားနည်းသဖြင့် နေရပ်ပြန်ရေး ဆုံးဖြတ်ရခက်

အချက်အလက်များ ပြည့်စုံစွာ မသိရသည့်အတွက် စစ်ဘေးရှောင်များ နေရပ်ပြန်ရေးကိစ္စ ဆုံးဖြတ်ရခက်နေသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဂျာမိုင်ကောင့် RC စစ်ရှောင်စခန်းမှ ဒေါ်ရွယ်ဂျာ က စစ်ဘေးရှောင်များ နေ ရပ်ပြန်ရေးနှင့် ပတ်သက်ပြီး တိကျခိုင်မာသည့် ဆုံးဖြတ်ချက် ချနိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူ များက စစ်ဘေးရှောင်များအား ပွင့်ပွင့်လင်းလင်း လာရောက်ရှင်းပြရန်လိုသည် ဟု ပြောသည်။

“IDP တွေ နေရပ်ပြန်ရေးကို ဘယ်လောက်အထိ ညှိနှိုင်းထားပြီလဲ ဘယ်လောက် အထိ သဘော တူမှု ရရှိ ထားပြီလဲ ဆိုတဲ့ဥစ္စာကို အစိုးရတွေလာ မရှင်းပြနိုင်ရင်တောင်မှ KHCC အနေနဲ့ ဒီ IDP တွေကို ချပြနိုင်ရင်တော့ IDP တွေကလည်း ပိုပြီးမှ နေရပ်ပြန်ဖို့ကို ပိုပြီးမှ ဆုံးဖြတ်ချက် ခိုင်မာလာနိုင်မယ်။”

ပြီးခဲ့သည့်နှစ်က ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများ ပိတ်သိမ်းရေးနှင့် စစ်ဘေးရှောင်များ နေရပ်ပြန်  ရေးကို လူမှု့ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက စစ်  ဘေးရှောင်စခန်း တာဝန်ခံများအား ခေါ်ယူပြောဆိုမှု ရှိသော်လည်း အဆိုပါကိစ္စရပ်များကို ယခုအချိန်အထိ ပွင့် လင်းမြင်သာစွာ ချပြခြင်း မရှိသေး ဟု ဆိုသည်။

ဇီးအွန် စစ်ရှောင်စခန်း ဒု-တာဝန်ခံ ဒေါ်ထုဆန်ကလည်း “ကျမတို့က ဒီအစိုးရတွေ ကိုယ်တိုင်လာပါ လာပြီးမှ ကျမတို့ IDP တွေကို လာဆွေးနွေးပါ။ လာမေးမြန်းပါ။ အချိန်မရွေး လာလို့ရပါတယ်ပေါ့နော။ ဒီနေရပ်ပြန်တဲ့ ကိစ္စမျိုး မှာ သူတို့က တစ်ခါမှ မလာသေးဘူး အဲဒါနဲ့ ဖုန်းနဲ့ပဲ ပေါ့နော။ ဘယ်အိမ်ထောင်စု ပြန်မလဲ ဘယ်ရွာ  တွေ ပြန်မလဲ ဒါနဲ့ပဲ မေးတယ်ဆိုတော့ ကဲ အခုပြန်မယ့် လူတွေ ဘယ်နှစ်ယောက်ရှိသလဲ အဲဒါမျိုးဆိုတော့ ကျမ တို့က အားကိုးမယ့် နေရာ မရှိသလိုပေါ့နော ဖခင်မိ ခင် မရှိသလိုပေါ့ အရမ်းခံစားတာပေါ့လေ” ဟု  ပြောသည်။

သက်ဆိုင်ရာ တာဝန်ရှိသူများဖက်မှ ပွင့်လင်းမြင်သာစွာ လာရောက်ရှင်းပြခြင်း မရှိသေးသည့် အခြား တစ်ဖက်တွင် စစ်ဘေးရှောင်များအား အကူအညီပေးနေသည့် အဖွဲ့အစည်းများထဲတွင် နေရပ်ပြန်စေချင်သည့် အဖွဲ့အစည်းများ ရှိသကဲ့သို့ မပြန်စေချင် သည့် အဖွဲ့အစည်းများလည်း ရှိနေသည်ဟု ဆိုသည်။

ထိုအနေအထားများကြောင့် စစ်ဘေးရှောင်များအနေဖြင့် နေရပ်ပြန်ရေးအတွက် ဆုံးဖြတ်ချက်ချရာတွင် ခိုင်မာပြတ်သားသည့် ဆုံးဖြတ်ချက် မချနိုင်ပဲ ဝေးဝါးနေသည်ဟု ဒေါ်ရွယ်ဂျာ က ပြောသည်။

“နေရပ်ပြန်ရင် ဘယ်လိုဂုဏ်သိက္ခာဆိုတာကို ဘယ်လိုပြောတယ် အာမခံချက်ဆိုတာ အများကြီးလာပြီးမှ  ပေးသွားတယ် ဒါပေမယ့် ဘယ်သူတာဝန်ယူမှု ဘယ်သူတာဝန်ခံမှု ဘယ်သူရှိသလဲ။ IDPs တွေရဲ့ ရှေ့မှာ မားမားမတ်မတ်ရပ်ပြီးမှ ဒီဂုဏ်သိက္ခာတွေ ဒီအာမခံချက်တွေ ရဖို့အတွက် ဘယ်သူကြိုးစားပေးတာမျိုး မရှိပြန်တော့ ကြက်ပျောက်ငှက်ပျောက် ပျောက်တော့ ဟိုလိုလို ဒီလိုလိုနဲ့ ပြန်ပြီးမှ ပျောက်ပြန်ပြီ အဲဒီအခါ ကျတော့ IDP တွေက ပြန်ဖို့ပဲ ဆုံးဖြတ်ရမှာလား နေဖို့ပဲ ဆုံးဖြတ်ရမလားကို ဝေဝါးကုန်ပြီပေါ့နော်။”

တရုတ်အစိုးရထံမှ စစ်ရှောင်များနေရပ်ပြန်ရေးအတွက် ထောက်ပံ့ငွေ ယွမ် ၄ သန်း ရရှိထားပြီး တာလော ကြီး၊ ဒဘတ်ယန် နှင့် နမ့်ဆန်ယန် ကျေးရွာတို့မှ အိမ်ထောင်စုပေါင်း ၁၉၀ ကျော်အတွက် နေရပ်ပြန်ရေး စက်တင်ဘာလတွင် အကောင်အထည်ဖော်ရန် ရှိသည်ဟုလည်း ပြည်နယ်အစိုးရက ပြောဆိုထားသည်။

စစ်ဘေးရှောင်များအနေဖြင့် နေရပ်ပြန်ရေးနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်ရန် ဝေးဝါးနေသော်လည်း လက်ရှိ နေထိုင် နေကြသည့် စစ်ရှောင်စခန်းများတွင် ကူညီထောက်ပံ့မှုများ လျော့နည်းလာခြင်း၊ နှစ်ကြာလာသည် နှင့် အမျှ မိသားစုဝင် ဦးရေများလာသည့်အတွက် နေထိုင်ရန် နေရာထိုင်ခင်း ကြပ်တည်းလာခြင်း၊ အလုပ်အ ကိုင် အခွင့်အလမ်း ရှားပါးခြင်းတို့ကြောင့် ဖြစ်သည်ဟု ပြောသည်။

ထို့အပြင် ၎င်းတို့ ပိုင်ဆိုင်သည့် ခြံမြေများကို ကုမ္ပဏီများက ဝင်ရောက်ကာ ရွှေတူးဖော်ခြင်း၊ တစ်သျူးငှက်  ပျောစိုက်ပျိုးခြင်းတို့ကြောင့် ခြံမြေများ ဆုံးရှုံးမည်ကို စိုးရိမ်သည့်အတွက် နေရပ်ပြန် ချင်ကြသည်ဟု ဆိုသည်။

သို့သော် ၎င်းတို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် ကျေးရွာများထဲတွင်လည်းကောင်း ကျေးရွာများနှင့် အနီး တဝှိုက်တွင် တပ်မတော်မှ တပ်စခန်းသစ်များ တည်ဆောက်ခြင်း၊ ကျေးရွာအတွင်းနှင့် ၎င်းတို့ လုပ် ကိုင်စား သောက်သည့် နေရာများတွင် မြေမြုပ်မိုင်းများ ရှိနေသေးသည့်အတွက် လုံခြုံမှုမရှိသည့် အနေအထားတွင် နေရပ်ပြန်မည်ဆိုပါက ဒုက္ခရောက်နိုင်သည်ဟု ပြောသည်။

ထို့ကြောင့် တပ်မတော်မှ တပ်စခန်းများကို ဆုတ်ခွာရန်အပြင် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မြေ မြုပ်မိုင်းများကို ရှင်းလင်းပေးရန်နှင့် နေရပ်ပြန်ပါက လိုအပ်သည့် အကူညီထောက်ပံ့မှုကို အတိုင်းအတာ တစ်ခုအထိ ထောက်ပံ့ပေးရန်၊ လုံခြုံရေး နှင့် လူမှု့ဘ၀ အာမခံချက်ရှိသည့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်း ချမ်းရေးကို အမြန်ဆုံး ဖော်ဆောင်ပေးရန် စစ်ဘေးရှောင်များက တောင်းဆိုသည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...