ဝါခေါင်လပြည့်နေ့ (စက်တင်ဘာ ၂ ရက်နေ့)တွင် ကျရောက်သည့် (၇၃) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ ဗဟို အခမ်းအနားကို COVID-19 ကပ်ရောဂါကြောင့် ကျင်းပဖြစ်တော့မည် မဟုတ်ကြောင်း မွန်လူငယ် ခေါင်းဆောင်များက ပြောသည်။
ယခင်နှစ်များက မွန်တော်လှန်ရေးနေ့ ဗဟိုအခမ်းအနားကို အမျိုးသားလွတ်မြောက်ရေးအတွက် အသက်ပေး သွားခဲ့ကြသည့် မွန်ခေါင်းဆောင်များ အုတ်ဂူတည်ရှိရာ မွန်ပြည်နယ်၊ မုဒုံမြို့ နယ်ရှိ ဝင်းစိန်တောရ သာသနာ့ ဝင်းထဲတွင် ကျင်းပပြုလုပ်ခဲ့ကြသော်လည်း ယခုနှစ်တွင် လတ်တလောဖြစ်ပွားနေသည့် COVID-19 ကူးစက် ရောဂါကြောင့် အခမ်းအနား မကျင်းပနိုင်တော့ဟု မွန်လူငယ် မင်းထော က ပြောသည်။
“ခါတိုင်းနှစ်တွေက အခမ်းအနားနဲ့ လူထောင်နဲ့ချီ လုပ်ခဲ့တယ်။ ဒီနှစ်ကတော့ ကိုဗစ်ကြောင့် အဲလိုမျိုးလုပ်ဖို့ မဖြစ်တော့ဘူး။ အွန်လိုင်းပေါ်ကနေပဲ မွန်တော်လှန်ရေးအကြောင်းနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲလုပ်ပြီးတော့ live လွှင့်ဖို့ဖို့ စီစဉ်ထားတယ်၊ နောက်တစ်ခုက အွန်လိုင်းကနေ တော်လှန်ရေးနေ့နဲ့ ပတ်သက်တဲ့ ကဗျာရေးပြိုင်ပွဲ တွေ ဗီနိုင်းတွေလုပ်ပြီးတော့ ရွာတွေမှာ ကပ်တာတွေ လုပ်ဖို့ရှိတယ်။”
အမျိုးသားလွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်ရင်း အသက်သွေးချွေးစတေးခဲ့ကြသည့် ခေါင်းဆောင်များကို ဂါရဝပြုရန်နှင့် လူငယ်များ တော်လှန်ရေးစိတ်ဓာတ် ရှင်သန်နေစေရန်အတွက်ဆိုသည့် ရည်ရွယ်ချက်နှင့် မွန် လူငယ်များ ဦးဆောင်ပြီး မွန်တော်လှန်ရေးနေ့ အခမ်းအနားကို နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့သည်။
“ဒီနှစ်မှာ အခမ်းအနားမလုပ်နိုင်တော့ပေမယ့် မွန်တော်လှန်ရေးအကြောင်းကိုမမေ့ဖို့ သတိရနေဖို့ ဒီလိုနည်းနဲ့ (အွန်လိုင်းပေါ် လုပ်တဲ့နည်း) လုပ်ရတယ် နှိုးဆော်တဲ့အနေနဲ့ပေါ့” ဟု ၂၀၁၉ ခုနှစ် က မွန်တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပရေးကော်မတီခေါင်းဆောင် မင်းဇာနည်ဦး က ပြောသည်။
မွန်တော်လှန်ရေးနေ့အခမ်းအနားကို မွန်လူငယ်များ ဦးဆောင်ကျင်းပသည့် ဗဟိုအခမ်းအနားအပြင် မွန်ပြည် သစ်ပါတီ (NMSP) ဗဟိုဌာနချုပ်၊ ခရိုင်အဆင့်အဆင့် နှင့် ကျဆုံးသွားသည့် မွန်ခေါင်းဆောင် အုတ်ဂူများတည်ရှိသည့် အချို့သောနေရာများတွင်လည်း အသီးသီး ကျင်းပလေ့ ရှိသည်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် မွန်အမျိုးသားများသည် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့် ရရှိရန်အတွက် ဖဆပလ အစိုးရထံ ဥပဒေဘောင်အတွင်း နှစ်ရှည်လများ တောင်းဆိုခဲ့သော်လည်း မရခဲ့သဖြင့် ၁၉၄၈ ခုနှစ် ဝါခေါင်လပြည့်နေ့တွင် မွန်လူငယ်အဖွဲ့များက မော်လမြိုင်အရှေ့ ဘက်ခြမ်း ဇာသပြင်ကျေးရွာရှိ ရဲစခန်း အပါအဝင် ဂျိုင်းမြစ်တစ်လျှောက် ကျေးရွာကြီးတွင်ရှိသည့် ကာကွယ်ရေးလက်နက်များကို စီးနင်းသိမ်းပိုက်ခဲ့ရာ မှ မွန်တော်လှန်ရေး အစပျိုးခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က ကျင်းပခဲ့ကြသည့် ၇၂ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ ဗဟိုအခမ်းအနားကို မွန်လူငယ်များ ဦးဆောင်ကျင်းပခဲ့ကြပြီး မွန်ပြည် သစ်ပါတီ(NMSP) ကလည်း ပါတီ ဗဟိုဌာနချုပ်နှင့် မော်လမြိုင် ခရိုင်၊ သထုံခရိုင်၊ ထားဝယ်ခရိုင် အစရှိသည့် ခရိုင်အဆင့်နှင့် မြို့ နယ်အဆင့်တို့တွင်လည်း ကျင်းပခဲ့ကြသည်။
အဆိုပါ မွန်တော်လှန်ရေးအစပျိုးခဲ့သည့် ဝါခေါင်လပြည့်နေ့ကို မွန်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ကာ မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်သူများက နှစ်စဉ်နှစ်တိုင်း အခမ်းအနားများ ကျင်းပလာခဲ့ကြသည်။







