ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်မှာ အထူးရဲ (၁၀၀၀)ကျော် ခန့်မည်

ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်မှာ အထူးရဲ (၁၀၀၀)ကျော် ခန့်မည်

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် လုံခြုံရေးဆိုင်ရာ တာဝန်ထမ်းဆောင်ဖို့ မွန်ပြည်နယ်မှာ အထူးရဲ (၁၀၀၀) ကျော်ခန့်အပ်သွားမယ်လို့ မွန်ပြည်နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

မွန်ပြည်နယ်မှာ လျာထားမဲရုံ (၉၅၄)  ရုံရှိပြီး အဲဒီမဲရုံတွေမှာ လုံခြုံရေးဆိုင်ရာ တာဝန်ထမ်းဆောင်ဖို့ အထူးရဲတပ်ဖွဲ့ဝင်တွေကို ခန့်အပ်မှာ ဖြစ်ပါတယ်။

 အထူးရဲတပ်ဖွဲ့ဝင်တွေဟာ ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးကိစ္စရပ်များအတွက် တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ သင်တန်းတွေကို တက်ရမယ်လို့ ဆိုပါတယ်။

“မဲရုံလုံခြုံရေးနဲ့ ပတ်သက်ပြီးတော့က မဲရုံတစ်ရုံကို ရဲတပ်ဖွဲ့ဝင်တစ်ယောက်မပေးနိုင်ဘူး မပေးနိုင်တဲ့အခါကျတော့ အရန်ရဲပေါ့ အထူးရဲလို့ခေါ်တာပေါ့ ခန့်ထားဖို့ ဆောင်ရွက်နေတယ်” လို့ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲမှူး (ဦးစီး) ထွန်းထွန်းက ပြောပါတယ်။။

အထူးရဲတပ်ဖွဲ့ဝင်တွေကို အောက်တိုဘာ ၁ ရက်နေ့မှာ စခန့်မှာဖြစ်ပြီး နိုဝင်ဘာလ ၁၅ ရက်နေ့အထိ တစ်လခွဲ တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။

တာဝန်ထမ်းဆောင်စဉ် တစ်လခွဲအတွင်းမှာ ရဲတပ်ဖွဲ့ဝင်တဦးရဲ့ အခြေခံလစာ တစ်လကို (၁၄၄၀၀၀) ကျပ်နဲ့ နေ့တွက်စားစရိတ် တစ်နေ့ (၁၈၀၀) ကျပ် ခံစားခွင့် ရရှိမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲ လုံခြုံရေးအတွက် ခန့်အပ်မယ့် အထူးရဲတပ်ဖွဲ့ဝင် (၁၀၀၀) ကျော်အပြင် မဲလက်မှတ်ထိန်းသိမ်းဖို့နဲ့ သယ်ယူပို့ဆောင်တာတွေအတွက်လည်း ပြည်နယ်ရဲတပ်ဖွဲ့မှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်အားနဲ့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အနေနဲ့လည်း ရွေးကောက်ပွဲလုံခြုံရေးတစ်ခုလုံးအတွက် သက်ဆိုင်ရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ၊ ရဲတပ်ဖွဲ့တို့နဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

“လုံခြုံရေးဆိုင်ရာကိစ္စရပ်နဲ့ ပတ်သက်လို့ နယ်လုံဝန်ကြီးနဲ့အဖွဲ့နဲ့ ရဲတပ်ဖွဲ့နဲ့ ပေါင်းပြီးတော့ ရွေးကောက်ပွဲလုံခြုံရေးတစ်ခုလုံးကို ဆောင်ရွက်နိုင်ဖို့ ပေါင်းစပ်ညှိနှိုင်းတာတွေ လက်ရှိ လုပ်နေတယ်” ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။

 

May 13, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...