AA အား ပစ်ပယ်ခြင်း မပြုရန် KNLA ကျေညာချက်ထုတ်ပြန်

AA အား ပစ်ပယ်ခြင်း မပြုရန် KNLA ကျေညာချက်ထုတ်ပြန်

ရက္ခိုင့်တပ်တော် AA အား အကြမ်းဖက်အဖွဲ့အစည်းဟု ခေါ်ဝေါ်သမုတ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှ ပစ်ပယ်ထားခြင်းသည် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးတည်ဆောက်မှုကို ခြိမ်းခြောက်နေသည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က ပြောသည်။

ထို့ကြောင့် အစိုးရအနေဖြင့် ရက္ခိုင့်တပ်တော် AA အား အကြမ်းဖက်အဖွဲ့အစည်းအဖြင့် ခေါ်ဆိုမှုများကို ဖယ်ရှာပြီး အမြန်ဆုံးတွေ့ဆုံ ဆွေးနွေးမှုကိုပြုလုပ်ရန် ကရင့်အမျိုးသား အစည်းအရုံး KNU ၏ စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်း ဖြစ်သော ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA က တိုက်တွန်းတောင်းဆို လိုက်သည်။

KNLA ပြောရေးဆိုခွင့်ရှိသူ တွဲဖက်စစ်ရေးချုပ် ဗိုလ်မှူးချုပ် မန်းရှာထုဝေါင်း က “အဓိက ပြောချင်တာ ကတော့ ဒီတိုင်းရင်းသား လူမျိုးစုအပေါ်မှာက တန်းတူအခွင့်အရေးတွေပေးဖို့နဲ့ အခုဖြစ်ရှိနေတဲ့ စစ်ရေး ပဋိပက္ခတွေကို အတတ်နိုင်ဆုံး ၂ ဦး ၂ ဖက်က အပြန်အလှန်နားလည်မှု ရှိဖို့နဲ့ ဒီစားပွဲဝိုင်းမှာလည်း သူတို့ကို ဖိတ်ခေါ် ဆွေးနွေးဖို့လည်း လိုအပ်တယ်လို့ ကျနော်အနေနဲ့ အဲလိုပြောချင်တယ်” ဟု ပြောသည်။

KNLA အနေဖြင့် ရက္ခိုင့်တပ်တော် AA အား အစိုးရက အကြမ်းဖက်အဖွဲ့အစည်းဟု သတ်မှတ်ထားသကဲ့သို့  ၎င်းတို့အနေဖြင့် မမြင်ကြောင်း အမျိုးသားများ လွတ်မြောက်ရေးနှင့် တန်းတူအခွင့်အရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေသည့် တော်လှန်ရေး အဖွဲ့အဖြစ်သာ မြင်သည်ဟု ဆိုသည်။

အစိုးရက AA အား ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ရန် ဖိတ်ကြားခြင်း မရှိသည့်အပေါ် မန်းရှာထုဝေါင်း က “AA ရက္ခိုင့် တပ်တော်ကိုလည်း ပင်လုံညီလာခံမှာ တက်ရောက်ခွင့်မရဘူး။ ဖိတ်ကြားခွင့်လည်း မရတဲ့အပေါ်မှာ ဒါက အဓိကက ကျနော်တို့က အားလုံး ပါဝင်ရေးမူနဲ့ ကျနော်တို့က သွားရမယ့် နေရာမှာ အဲလိုချန် လှပ်ထားခြင်းခံရတဲ့အတွက် သူတို့အတွက်ကိုလည်း ကျနော်တို့က ပါစေချင်တယ်” ဟု ပြောသည်။

အစိုးရမှ ရက္ခိုင့်တပ်တော် AA အား အကြမ်းဖက်အဖွဲ့အစည်းဟု သတ်မှတ်ထားသည့်အတွက် ၂၁ ရာစု ပင်လုံညီလာခံသို့ ဖိတ်ခေါ်ရန် မဖြစ်နိုင်ကြောင်း သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားပြီး အကြမ်းဖက်အဖွဲ့အစည်းဟု သတ်မှတ်ထားခြင်း မရှိသည့် AA ၏ မဟာမိတ် အဖွဲ့များကိုသာညီလာခံသို့တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။

ထိုသို့ဖိတ်ကြားမှုကြောင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC က အဖွဲ့ဝင်များအားလုံး ညီလာခံသို့ မတက်ရောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

မန်းရှာထုဝေါင်းက “တကယ်လို့သာ အားလုံးပါဝင်လာရင်တော့ အဆင်ပြေမှုကတော့ ပိုများလာတာပေါ့ဗျာ။ အားလုံးမပါဝင်တဲ့ အခါကျတော့ ဘယ်လိုမှ ပြည်တွင်းငြိမ်းချမ်းရေးက စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးလို့ ကျနော်တို့ ပြောလို့ မရဘူးဖြစ်တာပေါ့လေ” ဟုပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ရေး ပဋိပက္ခများကို မဖြေရှင်းနိုင်ပါက ဒေသခံ ပြည်သူများ၏ ဘဝလုံခြုံရေး၊ နေထိုင်စားသောက်ရေးနှင့် လူမှုဘဝများမှာ ယခုထက်ပိုမို ဆိုးဝါးလာနိုင်သည့်အတွက် အမြန်ဆုံးတွေ့ဆုံဆွေးနွေးရန်လိုသည်ဟု ဆိုသည်။

လက်နက်ကိုင် ပဋိပက္ခများကို ချုပ်ငြိမ်းရန်နှင့် ရေရှည်တည့်တံ့ခိုင်မြဲပြီး စစ်မှန်သည့် ငြိမ်းချမ်းရေးကို ရရှိရန် အတွက်  မည့်သူကိုမျှ ချန်လှပ်မထားပဲ မြန်မာနိုင်ငံရေးတွင် ပါဝင်ပတ်သက်နေသူ အားလုံးကို ဖိတ်ခေါ်ရန် လိုအပ်သည်ဟု ပြောသည်။

ဓါတ်ပုံ - (ပုံဟောင်း - Crd)
August 25, 2026
ဧရာဝတီတိုင်း၊ ရခိုင်ရိုးမနှင့် တဆက်တည်းရှိသည့် ရေကြည်မြို့နယ်၊ တောင်ခြေသစ်တောကြိုးဝိုင်း အစပ်...
ဓါတ်ပုံ - KRCEE (ပုံဟောင်း)
August 25, 2026
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေသည့် ကျောင်းနေအရွယ် ကလေးများကို ကန့်သတ်...
ဓာတ်ပုံ - Crd
August 24, 2026
လူ့အခွင့်အရေး လှုပ်ရှားသူများ၊ နိုင်ငံရေးသမားများ၊ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
August 24, 2026
ရခိုင်ရိုးမဘက်သို့ ထိုးစစ်ဆင်ရန်အတွက် စစ်တပ်က မကွေးတိုင်း၊ မင်းတုန်းမြို့နယ်နှင့် ပဲခူးတိုင်း၊...