တိုင်းရင်းသား ပါတီအချို့ ညွန့်ပေါင်း အစိုးရ ဖြစ်လာရန် မျှော်လင့်

တိုင်းရင်းသား ပါတီအချို့ ညွန့်ပေါင်း အစိုးရ ဖြစ်လာရန် မျှော်လင့်

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအလွန်တွင် ပါတီပေါင်းစုံဖြင့် စုဖွဲ့ထားသည့် ညွှန့်ပေါင်းအစိုးရ ဖြစ်လာလိမ့်မည် ဟု တိုင်းရင်းသား နိုင်ငံရေးပါတီ အချို့ က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းအရ ယခင်ရွေးကောက်ပွဲများကဲ့သို့ ပါတီကြီးတစ်ခုတည်းမှ မဲဆန္ဒနယ် တော်တော်များများကို အနိုင်ရရှိကာ အစိုးရဖွဲ့လာနိုင်သည့် အခင်းအကျင်းမျိုးမှာမရှိတော့သည့်အတွက် ၂၀၂၀ ရွေးကောက်ပွဲ အလွန်တွင် ပါတီပေါင်းစုံဖြင့် စုဖွဲ့ထားသည့် ညွှန့်ပေါင်းအစိုးရ ဖြစ်လာလိမ့် မည်ဟု ကချင်ပြည်နယ် ပြည်သူ့ပါတီ ဒု- ဥက္ကဋ္ဌ ၂ ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။

ဦးကွမ်ဂေါင်အောင်ခမ်းက “သေချာတာကတော့ ၂၀၂၀ မှာတော့ ၂၀၁၅ လို NLD ကတော့ သောင်ပြိုကမ်းပြို နိုင်ဖို့တော့ အခြေအနေ ဘယ်လိုမှတော့ မရှိတော့ပါဘူး။ ဒါကြောင့်မို့လည်း အစိုးရဖွဲ့ဖို့ အခြေအနေမျိုးတော့ ခက်ပါလိမ့်မယ်။ NLD ပါတီ တစ်ခုထဲ အနေနဲ့ ဆိုတော့ သူဘယ်လိုမျိုး လုပ်လာနိုင်မလဲ ဆိုတဲ့ အပေါ်မှာလည်း မူတည်တယ်။ နောက်တစ်ချက် က တစ်ခြားပါတီတွေ ပြည်မက ပါတီတွေလည်း ရှိပါတယ်။ ဒါကြောင့် လည်း  ညွှန့်ပေါင်း အစိုးရ ဟာ မလွှဲမသွေ ဖြစ်ပါလိမ့်မယ်။ ဒီ ၂၀၂၀ ရဲ့ အလွန်မှာတော့ မလွဲမ  သွေ ညွှန့်ပေါင်း အစိုးရ ဒါမှမဟုတ်ဘူးဆိုရင် ညီညွှတ်ရေး အစိုးရတွေ ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။

တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကလည်း လက်ရှိ အနေအထားအရ ၂၀၂၀  ရွေးကောက်ပွဲသည် လွှတ်တော်ထဲတွင် တိုင်းရင်းသား ပါတီများ၏ အခန်းကဏ္ဍမှာ အားကောင်းလာနိုင် သည် ဟု သုံးသပ်သည်။

ဦးမောင်မောင်စိုးက “ရခိုင်မှာ ရွေးကောက်ပွဲ ဖြစ်မဖြစ် ဆိုတာ စောင့်ကြည့်နေဆဲ ကာလဖြစ်ပါတယ်။ ဒါကြီး တဲ့ အခြေအနေတစ်ခုဖြစ် ပါတယ်။ ဒုတိယ အနေနဲ့ ကရင်ပြည်နယ်မှာတော့ လောလောဆယ် အချက်အ လက်တွေကတော့ NLD အားကောင်းနေဆဲ လို့ သိရပါတယ်။ အဲတော့ ကျန်တဲ့ တိုင်းရင်းသား ပြည်နယ် ၅ ခုမှာတော့ တိုင်းရင်းသား ပါတီတွေ အားကောင်းဖို့ အလားအလာ ရှိတယ်လို့ ထင်ပါတယ်။ တိုင်းရင်းသား ပါတီတွေ အားကောင်းလာ ရင်တော့ လွှတ်တော်အတွင်းမှာ တိုင်းရင်းသား ပါတီတွေရဲ့ အခန်းကဏ္ဍ ကြီးလာ နိုင်ပါတယ်။ အဲတော့ အစိုးရဖွဲ့စည်းရေးနဲ့ ပတ်သက်လို့ ရှိနိုင်တယ်။ တိုင်းရင်းသား ပါတီတွေရဲ့ အခန်း ကဏ္ဍ ပိုရှိလာနိုင်တယ်” ဟု ပြောသည်။

ထို့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းတစ်ခုကို အလှည့်အပြောင်း  ဖြစ်လာနိုင်သည့် ရွေးကောက်ပွဲဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်မှ ကျင်းပသည့် ရွေးကောက်ပွဲ ဖြစ်သည့်အတွက် ပါတီတစ်ခုတည်းက ၅၀ ရာခိုင်နှုန်းနှင့်အထက် အနိုင်မရရှိပါက အစိုးရဖွဲ့နိုင်မည် မဟုတ် ကြောင်း သိရသည်။

ထိုအနေအထားမျိုးတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) စိုင်းကျော်ညွှန့် က “ပါတီကြီးတစ်ခုက ၅၀ ရာခိုင်နှုန်း မကျော်ဘူး ဆိုတာနဲ့သူက ဟိုဖက်ဒီဖက်က ဘယ်သူ အစိုးရ ဖြစ်မလဲဆိုတဲ့ ကိစ္စက စကားပြော လာပြီလေ။ ဆိုတော့ ဘယ်သူက စည်းရုံးရေးအား ပိုကောင်းမလဲ ဒါမှမဟုတ်ရင် ဒီမူဝါဒတွေက တူညီကြမလဲပေါ့ အဲဒီအပေါ်မှာ အပြန်အလှန်စေ့စပ် ညှိနှိုင်း ရတာတွေ ရှိလာ နိုင်တယ်။ အဲဒါကလည်း ကံသေကံမ ပြောလို့မရပါဘူး” ဟု ပြောသည်။

ထို့ကြောင့် ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများအနေဖြင့် နေရာတော်တော်များများတွင်အနိုင်ရရှိ ရန်လိုသည်ဟု စိုင်းကျော်ညွှန့်က ဆက်ပြောသည်။

“ပြည်နယ်ကို အခြေစိုက်တဲ့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားပေါ့လေ ပြည်မပါတီ မဟုတ်တဲ့ပါတီတွေက များများစားစား နိုင်ထားတယ်ဆိုရင်တော့ဖြင့် ပြည်မပါတီလည်း အလိုလို နေရင်းနဲ့တော့ နည်းနည်း ကျသွားတော့မှာလေ။ ဆိုတော့က အဲဒီအချိန်ကျရင်တော့ ဒီဆွေးနွေးညှိနှိုင်းမှုတွေ ဖြစ်ပေါ် လာလိမ့်လို့ မြင်တယ်။”

မြန်မာ့နိုင်ငံရေးတွင် ပါတီကြီးတစ်ခုထဲက လွတ်လပ်စွာ ချယ်လှယ်လုပ်ကိုင်နေသည့် အစိုးရထက် ပါတီအများစုနှင့် စုပေါင်းကာ ဖြစ်ပါ်လာသည့် ညွှန်ပေါင်း အစိုးရကသာ၍ တိုင်းပြည်အတွက်သာ၍ အကျိုးရှိနိုင် သည်ဟု စိုင်းကျော်ညွှန့်က ပြောသည်။

သို့သော် ၂၀၂၀ ရွေးကောက်ပွဲအလွန်တွင် ပါတီပေါင်းစုံဖြင့် စုဖွဲ့ထားသည့် ညွှန့်ပေါင်း အစိုးရ ဖြစ်လာရန် အတွက် ရွေးကောက်ပွဲဝင်မည့် သက်ဆိုင်ရာ တိုင်းရင်းသား ပါတီအသီးသီး၏ ကြိုးစားအားထုတ်မှုနှင့် လုပ်ဆောင်မှု အပေါ်တွင် မူတည်နေသည်ဟု ဆိုသည်။

တိုင်းရင်းသားများအနေဖြင့် တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ စစ်မှန်သည့် ဒီမိုကရေစီနှင့် ဖက်ဒ ရယ် ပြည်ထောင်စုကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်တွင် လုပ်ဆောင်ရန် မဖြစ်နိုင်သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရပြီး ညွှန်ပေါင်းအစိုးရ ဖြစ်လာပါက ထိုအစိုးရမှတစ်ဆင့် ဖွဲ့စည်းပုံ ပြင် ဆင်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ အမျိုးသား သင့်မြတ်ရေးတို့ကို လုပ်ဆောင်သွားမည်ဟု ဆိုသည်။

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP ပါတီမှ ခူးဂျိုးဇက်က “ကျနော်တို့ မဟာမိတ်တွေ လုပ်နိုင်မယ် ဒီလိုသွား နိုင်မယ်ဆိုလို့ရှိရင်တော့ အကယ်၍များ ပြည်နယ် အသီးသီး တိုင်းအသီးသီး ဌာနေ တိုင်းရင်းသားတွေ အနိုင်ရမယ် ဆိုလို့ရှိရင်တော့ ကျနော်တို့ မျှော်မှန်းထားတဲ့ ကျနော်တို့ ဖက်ဒရယ်ကို ဖော်ဆောင်သွားနိုင်မယ်လို့တော့ မျှော်လင့်တာပေါ့” ဟု ပြောသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲသည် ယခင် ရွေးကောက်ပွဲများထက် ပြည်နယ် အခြေစိုက် တိုင်းရင်းသား ပါတီများနှင့် ပြည်မရှိ တိုင်းရင်းသား မဟုတ်သည့် ပါတီတို့အကြား ပြိုင်ဆိုင်မှု ပိုမို အားကောင်းလာနိုင်သည့် အနေအထားတွင် ရှိနေနိုင်သည်ဟု နိုင်ငံရေးပါတီများနှင့် လေ့လာသုံးသပ် သူများက ဆိုသည်။

ထိုအနေအထားများအောက်တွင်  တိုင်းရင်းသား နိုင်ငံရေးပါတီများ မျှော်လင့်ထားကြသည့် ညွှန့်ပေါင်း အစိုးရ ဖွဲ့ခွင့်ရရှိရေးမှာလည်း စောင့်ကြည့်ရမည့် အနေအထားတွင် ရှိနေသည်ဟု  လေ့လာသုံးသပ်သူများ က ပြောသည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...