ရန်ကုန်-မော်လမြိုင် လေအိတ်ရထား သြဂုတ်လ ၂၂ ရက်တွင် စတင်ပြေးဆွဲမည်

ရန်ကုန်-မော်လမြိုင် လေအိတ်ရထား သြဂုတ်လ ၂၂ ရက်တွင် စတင်ပြေးဆွဲမည်

စိုင်းထွန်းစံ — ရန်ကုန်-မော်လမြိုင် အဲယားကွန်းပါ လေအိတ်ရထား အမှတ် (၈၄)နှင့် (၈၃) ကို လာမည့် သြဂုတ်လ ၂၂ ရက်နေ့တွင် စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား တိုင်းအမှတ် ၈ လက်ထောက်မန်နေဂျာ ဦးအောင်စိုးထံ မှသိရသည်။

အဆိုပါ လေအိတ်ရထားလက်မှတ်ခ  ရိုးရိုးတန်းတစ်စောင်ကို ၄၀၀၀ ကျပ်၊ အထက်တန်းလက်မှတ်တစ်စောင်ကို ၈၀၀၀ ကျပ် ကျသင့်မည်ဖြစ်ကြောင်း၊ မော်လမြိုင်မြို့မှ ည ၉ နာရီတစ်ဆိုင်းနှင့် ရန်ကုန်မှ ည ၈ နာရီတစ်ဆိုင်းပြေးဆွဲသွားမှာဖြစ်ပြီး ရထားမောင်းချိန် ၉ နာရီ ခန့်ကြာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဦးအောင်စိုးက “လေအိတ်ရထားဆိုတာက ဒီရထားဟာတွဲဆိုင်းတွေမှာ လေအိတ်ပါတယ်။ လေအိတ်ပါတဲ့အတွက်ရထား ခုန်တာတို့ လူးတာတို့မရှိဘူး။ ခရီးသည်တွေ သက်သောင့်သက်သာစီးလို့ရတယ်။ အောက်ကနေလေအိတ်ခံ ပေးထားတာ” ဟု ပြောသည်။

ရန်ကုန်မှမော်လမြိုင်သို့ပြေးဆွဲရာတွင် ပေါင်၊ သထုံ၊ တောင်စွန်း၊ ကျိုက်ထို နှင့် ပဲခူးဘူတာ တို့တွင်သာ ရပ်နားသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အဲ့ဒီရထားအတွက် ကိုးချောင်းဆက်သံလမ်းတွေလုပ်နေကြတာက မော်လမြိုင်နဲ့ ပဲခူးကိုပြုပြင်နေတာ ပဲခူးနဲ့ရန်ကုန်ကတော့ ရှိပြီးသားပေါ့။ လူစီများတဲ့လိုင်းတွေကို အဓိကထားပြီးတော့ ကိုးချောင်းဆက်သံလမ်း   တွေကိုလဲခဲ့ကြတယ်ပေါ့။ ဒါတွေပြီးသွားလို့ရထားတွေ ကောင်းအောင်လုပ်မယ်” ဟု မွန်ပြည်နယ်စိုက်ပျိုးမွေးမြူရေး နှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက ဆိုသည်။

အဆိုပါလေအိတ်ရထားများကို ရန်ကုန်မှမန္တလေးလမ်းကြောင်းတွင် စတင်ပြေးဆွဲခဲ့ပြီး ဒုတိယအနေဖြင့် ရန်ကုန်မှပြည်လမ်းပိုင်း၊ တတိယအနေဖြင့် ရန်ကုန်မှမြစ်ကြီးနားလမ်းပိုင်းတွင်ပြေးဆွဲနေကြောင်း သိရသည်။

May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...
May 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ ရေလုပ်သားအဖွဲ့များ ငါးဖမ်းရာသီရပ်နားထားသဖြင့် ...
May 19, 2026
မွန်ပြည်နယ်တွင် ကွမ်းသီးအနု ဈေးကောင်းရရှိနေခြင်းကြောင့် အသီးခူဆွတ်ရောင်းချမှုများ၍ ရေရှည်တွင်...
May 18, 2026
မွန်ပြည်နယ်အတွင်း၊ မြို့နယ်အလိုက် ရပ်ကွက်(သို့) ကျေးရွာအုပ်ချုပ်ရေးမှူးများ...