COVID-19 ကာလအတွင်း မဲဆွယ်စည်းရုံးရေး စည်းကမ်းသတ်မှတ်ချက်များ ချမှတ်ရာတွင် တိုင်းရင်းသား နိုင်ငံရေး ပါတီများအတွက် အခက်အခဲ လွန်စွာ ဖြစ်ပေါ်စေမည့် ကန့်သတ်ချက်များကိုရှောင်ရှားရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အား ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP က တိုက်တွန်း တောင်းဆို လိုက်သည်။
ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက “COVID ကာလမှာ ရွေး ကောက် ပွဲ လုပ်မှာ ဖြစ်သည့်အတွက် မဲဆွယ်စည်းရုံးတဲ့ ကိစ္စမှာ ကျနော်တို့နဲ့ စာလို့ရှိရင် အစိုးရဖြစ်နေတဲ့ NLD က ပိုပြီးတော့ အားသာတဲ့ သဘောမျိုး သူကအစိုးရလုပ်ငန်းကို လုပ်ရင်းလုပ်ရင်းနဲ့ ဒါမသိမသာလေး မဲဆွယ်လို့ရတယ်လေ။ ကျနော်တို့က လူ ၅ ယောက် လူ ၁၅ ယောက်လောက်ကိုပဲ မဲဆွယ်စည်းရုံးရမယ်ဆိုလို့ရှိရင် ဒီလောက်ကျယ်ပြန့်တဲ့ မဲဆန္ဒနယ်မြေတွေကို ကျနော်တို့ ထိထိရောက်ရောက် ဘယ်လိုလုပ်မဲဆွယ်မလဲ ဆို တော့ အဲဒါနဲ့ ပတ်သက်ပြီးတော့ မဲဆွယ်စည်းရုံးရေး စည်းကမ်းတွေ ထုတ်ပြန်တဲ့ အခါကျလို့ရှိရင် ဒါက မျှ တတဲ့ စည်းကမ်းတွေ ထုတ်ပြန်ပေးဖို့ သင့်တယ် ဆိုတဲ့ သဘောမျိုး” ဟု ပြောသည်။
လက်ရှိ NLD အစိုးရအနေဖြင့် ၎င်းတို့၏ ပါတီမဲဆွယ်စည်းရုံးရေးကို COVID-19 ကာလတွင် တစ်ဖက်တစ် လမ်းက လုပ်ဆောင်၍ ရသော်လည်း တိုင်းရင်းသား ပါတီများမှာ ကန့်သတ်ချက်များကြောင့် ခက်ခဲမှုမဖြစ်ပေါ်စေရန် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် မျှတသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာ ချ မှတ်ပေးရန် တောင်းဆိုရခြင်းဖြစ်သည် ဟု ဆိုသည်။
COVID-19 ကာလတွင် ကျင်းပမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ပါတီများ မဲဆွယ်စည်းရုံးရမည့် စည်းမျဉ်းစည်းကမ်း နည်းဥပဒေများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယခုအချိန်အထိ ထုတ်ပြန်ထားခြင်း မရှိသေးသည့်အတွက် မဲဆွယ်စည်းရုံရေး လုပ်ဆောင်ရန် ကော်မရှင်၏ ထုတ်ပြန်ချက် ကို စောင့်ဆိုင်းနေရသည်ဟု KNDP က ပြောသည်။
တစ်ဖက်တွင်လည်း COVID-19 ကာလတွင် လူ ၁၅ ဦးထက် ပို၍ မစုရဆိုသည့် အစိုးရ၏ ဥပဒေထုတ် ပြန်ချက်ကလည်း ရှိနေသေးသည့်အပြင် အဆိုပါ ထုတ်ပြန်ချက်မှာ သြဂုတ်လကုန်အထိတစ်စုံတစ်ရာ အပြောင်းအလဲမရှိပဲ ဆက်လက် သက်တမ်းတိုးလိုက်မည်ဆိုပါက ပါတီများ မဲဆွယ်စည်းရုံးရေးမှာ ခက်ခဲမှုကို ပို၍ ဖြစ်စေနိုင်သည်ဟု မန်းအောင်ပြည်စိုးက ပြောသည်။
“နောက်ထပ် ဘာစည်းကမ်းတွေ ထွက်လာအုံးမလဲ အဲဒါကိုပဲ စောင့်မျှော်နေရတယ်။ နောက်တစ်ခုက အမှန် ကတော့ ခါတိုင်း နှစ်ဆိုရင် ၂ လ လားမသိဘူး အကယ်လို့ ၂ လခွင့် ပြုမယ်ဆိုလို့ရှိရင် ဒီလကုန်ဆိုရင် စက် တင်ဘာလ ကနေ စတင်ပြီပေါ့ အခု ကိုဗစ် ၁၅ ယောက်ထက် ပိုမစုရဆိုတဲ့ဟာက သြဂုတ်လကုန် ထိဆို တော့ စက်တင်ဘာဆန်းတာနဲ့ အပြောင်းအလဲ ရှိမလား။ မရှိဘူး ဒါကို extension လုပ်မလား extension လုပ်မယ်ဆိုလို့ရှိရင် ကျနော်တို့အတွက် ဒုက္ခပဲ ဟုတ်လား။ အခုဟာက ခုနက စည်းကမ်း ဥပဒေအမိန့်ကို ကျနော်တို့က စောင့်နေရတဲ့ သဘောမျိုးတော့ ရှိနေတယ်။”
ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP အနေဖြင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရန် ကြိုတင်ပြင်ဆင်မှုများအနေဖြင့် ဗီနိုင်းပြုလုပ်ထားခြင်း၊ ကြေညာစာတမ်းများထုတ်ခြင်း၊ ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးရာဇဝင်အကျဉ်း (Profile) များကို အွန်းလိုင်းကနေတစ်ဆင့် ထုတ်ပြန်ခြင်း စသည့်တို့ကို လုပ်ဆောင်ထားသည်ဟု ဆိုသည်။
ကရင်အမျိုးသား ဒီမိုကရက်တစ် KNDP ပါတီသည် ကရင်ပြည်နယ်အခြေစိုက် ကရင်နိုင်ငံရေးပါတီ ၄ ပါတီဖြင့် ပေါင်းစည်းထားသည့် ပါတီဖြစ်ပြီး ၂၀၁၈ ဖောဖော်ဝါရီလ ၂၂ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC က မှတ်ပုံတင်ခွင့်ပြုခဲ့သည့် ပါတီဖြစ်သည်။
ပေါင်းစည်းပါတီ KNDP ပါတီတွင် ပါဝင်လာသည့် ကရင်နိုင်ငံရေး ပါတီများမှာ ကရင်ဒီမိုကရက်တစ်ပါတီ KDP ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ KSDDP ၊ စည်းလုံးညီညွှတ်သော ကရင်အမျိုး သား ဒီမိုကရက်တစ်ပါတီ KUDP နှင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ PSDP တို့ ဖြစ်ကြသည်။
ကရင်ဒီမိုကရက်တစ်ပါတီ KDP ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ KSDDP ၊ စည်းလုံး ညီညွှတ်သော ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KUDP ၃ ပါတီမှာ ပါတီဖျတ်သိမ်းလိုက်သော်လည်း ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှာ လက်ရှိအချိန်အထိ ပါတီဖျတ်သိမ်းထားခြင်း မရှိသေးဘူး ဟု သိရသည်။







