မွန်ပြည်သစ်ပါတီ (NMSP) ကွပ်ကဲမှုအောက်ရှိ မွန်အမျိုးသားကျောင်းများမှ တက္ကသိုလ်ဝင်တန်း ၁၂ ဦး အောင်မြင်သည်ဟု မွန်အမျိုးသားပညာရေးကော်မတီ (Mon National Education Committee-MNEC) က ပြောသည်။
မွန်အမျိုးသားကျောင်းများမှာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းသူ/သား ၁၄၄ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၁၂ ဦးသာ အောင်မြင်ခဲ့ကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်ချက်သည်လည်း သုံးနှစ်ဆက်တိုက် ကျဆင်းလာနေသည်ဟု မွန်အမျိုး သားပညာရေးကော်မတီ တာဝန်ခံ ဆရာမင်းအောင်ဇေ က ပြောသည်။
“ဘာကြောင့်ကျလာလဲ ပြန်ကြည့်လိုက်တဲ့အခါမှာ ကျောင်း အုပ်ချုပ်ရေးအပိုင်း အားနည်းချက်တွေ ရှိနေတယ်။ နောက် ဆရာ၊ ဆရာမတွေ အတွေ့အကြုံမရှိကြဘူး။ တချို့ ဆို ကျောင်းမပြီးသေးဘူး၊ စာအုပ်ကြည့်ပြီး သင်တယ်။ ဒါတောင် တက္ကသိုလ်က ဝါရင့်ဆရာတွေ ခေါ်ပြီးတော့ သင်တန်းပေးခဲ့တာရှိတယ်။ နောက်တစ်ခုက ကျောင်းသားတွေ အခြေခံ မခိုင်ခဲ့တာလည်း ပါတယ်။”
မွန်အမျိုးသားပညာရေးဌာနအနေနှင့် တက္ကသိုလ်ဝင်တန်းအောင်ချက် ပြန်လည်မြင့်မားလာစေရန်အတွက် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှစပြီး အောင်ချက်မြင့်မားရေး စီမံချက်ရေးဆွဲ ဆောင်ရွက်သွားမည်ဟု ဆရာမင်းအောင်ဇေက ဆက်ပြောသည်။
“အောင်ချက်ပြန်ကောင်းလာဖို့ အငြိမ်းစားယူသွားတဲ့ ကျောင်းအုပ် ပညာရေးမှူးတွေကို ခေါ်ပြီးတော့ အောင် ချက်မြင့်မားရေး စီမံချက်ရေးဆွဲဖို့ လုပ်နေတယ်၊ အငြိမ်းစား ကျောင်းအုပ် ပညာရေးမှူးတွေကလည်း လာကူ ပေးမယ်၊ စီမံချက်ရေးဆွဲပြီးတော့ အဲဒီစီမံချက်အတိုင်း ဆက်လုပ်သွားမယ်” ဟု ဆရာမင်းအောင်ဇေ က ပြော သည်။
မွန်အမျိုးသား ပညာရေးဌာနအောက်တွင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသရှိ ညီစားကျောင်း၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်္ကပါကျောင်းနှင့် ရေးမြို့ နယ်ရှိ အံဒင်အထက်တန်းကျောင်း စသည့် အထက်တန်းကျောင်း ၃ ကျောင်းရှိသည်။
မွန်အမျိုးသားပညာရေးဌာနမှ ကျောင်းသူ ကျောင်းသားများသည် အစိုးရ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မွန် ပြည်သစ်ပါတီ အပစ်ခတ်ရပ်စဲခဲ့သည့် နောက်ပိုင်း ၁၉၉၆ ခုနှစ်မှ စတင် ဝင်ရောက်ဖြေဆိုခွင့် ရရှိလာ ခဲ့သည်။
မွန်အမျိုးသားပညာရေးဌာန ကွပ်ကဲမှုအောက်ရှိ မွန်အမျိုးသားကျောင်းများသည် မိခင်ဘာသာစကားအခြေပြု သင်ကြားနေသည့် ကျောင်းများဖြစ်ပြီး အထက်တန်းကျောင်း ၃ ကျောင်းအပါအဝင် ကျောင်းပေါင်း ၁၃၃ ကျောင်းရှိပြီး ကျောင်းသူ/သား ၁၀၀၀၀ ကျော်ရှိသည်။
ထို့အပြင် အစိုးရကျောင်းများနှင့် တွဲဖက်သင်ကြားနေသည့် မွန်စာပေသင်ကျောင်း ၉၂ ကျောင်းရှိကာ ကျောင်းသားဦးရေ ၁၄၀၀၀ ကျော်ရှိသည်။
မွန်အမျိုးသားပညာရေးဌာန ကွပ်ကဲမှုအောက်ရှိ မွန်အမျိုးသားကျောင်းများတွင် ကျောင်းဆရာ/ဆရာမ ၇၈၀ ခန့်တို့ဖြင့် ပညာသင်ကြားလျက်ရှိသည်ဟု မွန်အမျိုးသားပညာရေးကော်မတီ တာဝန်ရှိသူများက ပြောသည်။
မွန်ပြည်သစ်ပါတီ မွန်အမျိုးသား ပညာရေးဌာန ကွပ်ကဲမှုအောက်တွင်ရှိသည့်ပါတီ တပ်တည်ဧရိယာနှင့် နီးစပ်သည့် မွန်ပြည်နယ် ရေးမြို့ နယ်၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ နယ်၊ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့ နယ်ဒေသများအပြင် သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရော၊ ဘားအံ၊ ကော့ဂရိတ်မြို့နယ်တို့တွင် မွန်စာကို မွန်အမျိုးသားကျောင်းများနှင့် အစိုးရကျောင်းများ တွဲဖက်သည့် ကျောင်းများတွင် သင်ကြားလျက်ရှိသည်။







