အမျိုးသမီးပါတီ (မွန်) ဧရာဝတီတိုင်းဒေသကြီး ၅ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်

အမျိုးသမီးပါတီ (မွန်) ဧရာဝတီတိုင်းဒေသကြီး ၅ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်

 လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသမီးပါတီ (မွန်) အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်မြေ ၅ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမျိုးသမီးပါတီ (မွန်) ဥက္ကဋ္ဌ မိသန်းရှင်(ခ) မိလယိုင်မွန်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ကျောင်းကုန်းမြို့နယ် ၂ ဦးနှင့် ချောင်းဝမြို့နယ်တို့တွင် ၂ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ၎င်းကဆိုသည်။

မိသန်းရှင်က “မွန်ပါတီတွေရှိတဲ့နေရာမှာ ကျမတို့ဝင်မပြိုင်ဘူးလို့ ညှိနှိုင်းထားပြီးသားပဲလေ၊ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းက ကြုံခဲ့ပြီးပြီဆိုတော့ မွန်ပါတီဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိတဲ့နေရာမှာပဲ ကျမတို့ဝင်ပြိုင်မယ်ဆိုပြီး ဒီဘက်ဧရာဝတီတိုင်းဒေသကြီးဘက်ကို လာခဲ့တယ်။ အခက်အခဲတော့မရှိပါဘူး” ဟု ပြောသည်။

မွန်ညီညွတ်ရေးပါတီအဖြစ် မွန်အမျိုးသားပါတီ(MNP)နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMDP) တို့ပူးပေါင်းမှုဆောင်ရွက်ခဲ့စဉ်က အတူတကွပေါင်းစည်းရန် ညှိနှိုင်းခဲ့သော်လည်း အမျိုးသမီးပါတီအနေဖြင့်သာ သီးခြားရပ်တည်လိုသောကြောင့် လက်မခံခဲ့ပေ။

“အမျိုးသမီးပါတီကို ရှားရှားပါးပါးတည်ထောင်ထားရတယ်ဆိုတော့ ကျွန်မတို့က မဖျက်နိုင်ဘူးပေါ့။ မွန်ပြည်နယ်မှာ ကျွန်မတို့ပါတီ ဝင်ပြိုင်မယ်ဆိုလို့ရှိရင် မွန်တွေမဲကွဲမယ့် အနေအထားကိုလည်း ကျွန်မတို့ အဖြစ်မခံလိုပါ၊ ငြိမ်းချမ်းစေချင်တာပေါ့နော်။ မွန်ပြည်နယ်မှာ အချင်းချင်းလည်း ပြဿနာမဖြစ်စေချင်လို့ ကျွန်မတို့ ရှောင်ပေးလိုက်တာပါ”ဟု မိသန်းရှင်က ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရောနှင့် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်တို့ ၄ နေရာ၌ အမျိုးသမီးပါတီ(မွန်) ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွေးချယ်ခံရခြင်း မရှိပေ။

 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် ပါတီအမှတ်စဉ် (၉၆) ဖြင့် အမျိုးသမီးပါတီ(မွန်)ကို မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...