လေပြင်းတိုက်ခတ်မှုကြောင့် ကုလားဂုတ်ကျွန်း၌ နေအိမ် ၄၀ ကျော်ပျက်စီးပြီး သိန်းတစ်ထောင်ကျော်ဆုံးရှုံး

လေပြင်းတိုက်ခတ်မှုကြောင့် ကုလားဂုတ်ကျွန်း၌ နေအိမ် ၄၀ ကျော်ပျက်စီးပြီး သိန်းတစ်ထောင်ကျော်ဆုံးရှုံး

မွန်ပြည်နယ်၊ ရေးမြို့နယ် မြောက်ပိုင်း၊ ကုလားဂုတ်အပေါ်ဆိပ်အနီး ပသျှူးချောင်း၌ သြဂုတ် ၂ ရက်နေ့ ည ၁၁ နာရီခန့်က လေပြင်းတိုက်ခတ်ခဲ့ရာ နေအိမ် ၄၀ ကျော် ပျက်စီးခဲ့ပြီး တန်ဖိုးသိန်းတစ်ထောင်ကျော် ဆုံးရှုံးခဲ့ရကြောင်း သတင်းရရှိသည်။

“ဒီ ၂ ရက်နေ့ ည ၁၁ နာရီမှာ လေစပြီးတိုက်တာ လေးခါလောက် လေပြင်းတိုက်တာ အိမ်ကတော့ (၄၀) ကျော်ထိသွားတယ်။ ဒီမှာကတော့ အပေါ်ဘက်ပိုင်းနဲ့ အောက်ဘက်ပိုင်း နှစ်ပိုင်းရှိတယ်၊ အပေါ်ဘက်ပိုင်းကတော့ နှစ်အိမ်ပဲကျန်ပြီး ကျန်တာ အားလုံးပါသွားတယ်၊ ဆုံးရှုံးတဲ့တန်ဖိုးကတော့ သိန်း (၁၀၀၀) ကျော်တယ်” ဟု ကုလားဂုတ်ကျွန်း အပေါ်ဆိပ်ဘုရားကျောင်း ဆရာတော် ကလျာဏ က မိန့်သည်။

ကုလားဂုတ်အပေါ်ဆိပ်အနီး (ပသျှူးချောင်း) တွင် အိမ်ခြေ ၂၀၀ ကျော်ရှိပြီး၊ တံငါလုပ်ငန်းများ လုပ်ကိုင်ကြသည့် အလုပ်သမားများ နေထိုင်ကြကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုတွင် ပျက်စီးဆုံးရှုံးမှုများသောကြောင့် တံငါသည်အလုပ်သမားများ အခက်ခဲကြုံတွေ့နေရကြောင်း ကုလားဂုတ်ကျွန်းအပေါ်ဆိပ် ပရဟိတလုပ်နေသူ နိုင်တင်မောင် က ပြောသည်။

“ဆုံးရှုံးသွားတာတော့ အများကြီးပဲ စာရင်းလည်း ကောက်နေတုန်းပါပဲ၊ ပြိုကျသွားတဲ့ အိမ်နဲ့ ငါးလှန်းစင်က ခုကာလတန်ဖိုးနဲ့ တွက်ကြည့်ရင် သိန်း ၂၀၀၊ ၃၀၀ လောက်ရှိတယ်၊ တချို့က ဆင်းရဲတဲ့လူလဲရှိတယ် ပြီးတော့ အိမ်မရှိတဲ့သူကလည်း ရှိတယ်၊ ကျနော်တို့က အိမ်တော့မထိဘူး ငါးလှန်းစင်တော့ ထိသွားတယ်” ဟု ၎င်းကဆိုသည်။

ယင်းလေပြင်းတိုက်ခတ်မှု ဖြစ်ပွားရာသို့  ကုလားဂုတ်ကျွန်း အောက်ဆိပ်မှ ရွာသားများနှင့် ရေတပ်သားတို့က လာရောက်ကူညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် ကုလားဂုတ်ကျွန်အောက်ဆိပ် လေပြင်းတိုက်မှုကြောင့် လူနေအိမ် ၁၁၁ လုံး၊ လေဘေးသင့်ပြည်သူ ၁၉၀၀ ကျော်၊ အိမ်ထောင်စု ၃၉၂ စု လေဘေးသင့်ခဲ့သည့်အပြင် အခြေခံပညာအထက်တန်းကျောင်း၊ ဘုန်းကြီးကျောင်းများနှင့် ဓာတ်တိုင်များလည်း ပျက်စီးခဲ့သည်။

Photo- ကုလားဂုတ်အပေါ်ဆိပ်အနီး ပသျှူးချောင်း လေပြင်းဒဏ်ခံရပြီး မြင်ကွင်း (MNA)

March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...