မွန်မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ (၇၀၀) နီးပါးရှိပြီး သုံးဦး သေဆုံး

မွန်မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ (၇၀၀) နီးပါးရှိပြီး သုံးဦး သေဆုံး

ယခုနှစ် ဇူလိုင်လ (၂၅) ရက်နေ့အထိ မွန်ပြည်နယ်အတွင်းမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၇၀၀) နီးပါးရှိပြီး (၃)ဦး သေဆုံးခဲ့တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအခြေအနေမှာ မော်လမြိုင်မြို့နယ်နဲ့ပေါင်မြို့နယ်တို့မှာ အများဆုံးဖြစ်ပြီး သေဆုံးသူထဲက ကလေး(၂) ဦးဟာ ပေါင်မြို့နယ်က ဖြစ်ပါတယ်။

ဒါ့အပြင် ယခု ရက်သတ္တပတ်အတွင်းမှာပဲ မော်လမြိုင်မြို့နယ်မှာ ၃၅ ဦး ၊ ကျိုက်မရောမြို့နယ်နဲ့ ပေါင်မြို့နယ်တို့မှာ (၂၀) ဦးစီ ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ သွေးလွန်တုပ်ကွေးရောဂါကို ကိုဗစ်-၁၉ ရောဂါနည်းတူ မပေါ့ဆကြဖို့ မွန်ပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က သတိပေး ပြောဆိုလိုက်ပါတယ်။

“ကိုယ်တိုင်လိုက်နာဆောင်ရွက်မှရမယ်။ ကျန်းမာရေးဝန်ထမ်းက ပညာပေးလို့ပဲ ရမယ် ခြင်တွေအကုန်လုံးကို နှိမ်နှင်းလို့ မနိုင်ဘူး။ ပြည်သူလူထုက ကို့အိမ်မှာ လောက်လန်းနှိမ်နှင်းထားမှ ရမယ်”လို့ ဆိုပါတယ်။

ယခင်နှစ်တွေနဲ့ ယခုနှစ်  ဇူလိုင်လ ၂၅ ရက်နေ့ထိ ကာလတူနှိုင်းယှဉ်ချက်အရ မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုဟာ ၂၀၁၇ ခုနှစ်မှာ ၁၄၉၉ ဦး(သေဆုံးသူမရှိ)၊၂၀၁၈ခုနှစ်မှာ ၁၂၁၈ ဦးနဲ့သေဆုံးသူ ၄ ဦး၊၂၀၁၉ ခုနှစ်မှာ ၈၇၂ ဦးနဲ့ သေဆုံးသူ ၄ ဦး၊ ၂၀၂၀ ခုနှစ်မှာတော့ ၆၉၉ ဦးနဲ့ သေဆုံးသူ ၃ ဦး ရှိခဲ့ပါတယ်။

“ယခင်နှစ်တွေထက်စာရင် ယခုနှစ်က ဖြစ်ပွားသူနည်းသွားတယ်လို့ပြောလို့ရတယ်။ ပြည်သူတွေ ကျန်းမာရေးအသိပညာတွေရှိလာသလို ကျွန်တော်တို့ကလည်း ကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက် ထားခဲ့တယ်။ Covid 19 ရောဂါကြောင့် လူတွေ ပိုပြီးကျန်းမာရေး ဂရုပြုလာတာလည်းပါတာပေါ့” လို့ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသံလွင်အောင်က ပြောပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေ၊ကြက်ခြေနီဝန်ထမ်းတွေနဲ့ ၊ ပရဟိတအဖွဲ့တွေဟာ ကျေးရွာ ရပ်ကွက်တွေမှာ တစ်ပတ်မှာ တစ်ကြိမ်၊နှစ်ကြိမ် ပညာပေးနှိုးဆော်သလို ပိုးလောက်လန်း မဖြစ်ပွားစေရေးအတွက် အဘိတ်(Abate) ဆေးခတ်တာတွေ၊ ဆေးဖျန်းတာတွေနဲ့ ဖုံး သွန် လဲ စစ် တွေကို ပုံမှန်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်မှာတော့ မွန်ပြည်နယ်ဟာ မြန်မာနိုင်ငံအတွင်း သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များဆုံး ပြည်နယ်စာရင်းမှာ ပါဝင်ခဲ့ပြီး ဖြစ်ပွားသူ (၁၁၆၂) ဦးနှင့် ကလေးငယ် လေးဦး သေဆုံးခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၁၉ ခုနှစ် ဩဂုတ်လထိ မြန်မာနိုင်ငံတစ်ဝှမ်းမှာ သွေးလွန်တုပ်ကွေးရောဂါးဖြစ်ပွားသူ (၁၀၀၀၀) ကျော် ရှိပြီး လူဦးရေ ၅၀ ကျော် သေဆုံးခဲ့ပါတယ်။

May 13, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...