ပြည်နယ်အဆင့်တွင် မွန်ညီညွတ်ရေးပါတီ MUP နိုင်ခြေပိုများမည်ဟု ၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်သူများသုံးသပ်

ပြည်နယ်အဆင့်တွင် မွန်ညီညွတ်ရေးပါတီ MUP နိုင်ခြေပိုများမည်ဟု ၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်သူများသုံးသပ်
မွန်ညီညွတ်ရေးပါတီ MUP အလံ (Copy)
မွန်ညီညွတ်ရေးပါတီ MUP အလံ (Copy)

မွန်အင်အားစုများပေါင်းစည်းနိုင်ခဲ့ပြီး မွန်ညီညွတ်ရေးပါတီ MUP အဖြစ်ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပြီး အတွေ့အကြုံရှိသော မွန်နိုင်ငံရေးသမားများ၊ မျိုးဆက်သစ်လူငယ်နှင့် ပညာတတ်အလွှာ ကိုယ်စားလှယ်လောင်းများ ၂၀၂၀ ရွေးကောက်ပွဲတွင် ပါဝင်လာသောကြောင့် ပြည်နယ်အဆင့်တွင်နိုင်ခြေပိုများမည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲစောင့်ကြည့်သူများက သုံးသပ်ကြသည်။

ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့ YSS မှ ဦးအောင်နိုင်ဝင်းက “ပြည်နယ်အဆင့်မှာဆိုရင် NLD ပါတီက လူဟောင်းအားလုံးနီးပါးဖြစ်နေတာ ကျနော်တို့တွေ့ရတယ်၊ ပြည်ထောင်စုအဆင့်မှာတော့ လူဟောင်းရော လူသစ်တစ်ချို့ပါသွားတာတွေ့ရတယ် မွန်ညီညွတ်ရေးပါတီကျတော့ ပြည်နယ်အဆင့်ရော ပြည်ထောင်စုအဆင့်ရော ကိုယ်စားလှယ်လောင်းရွေးချယ်တဲ့နေရာမှာ ပွင့်ပွင့်လင်းလင်းပြောရရင် အချို့ကိစ္စတစ်ခုတစ်လေကလွဲရင် အများလူထုက လက်ခံတဲ့လူတွေပါလာတာကို တွေ့ရတာပေါ့၊ အဲဒါဘာကိုပြနေလဲဆိုရင်တော့ မဲဆန္ဒရှင်တွေရဲ့ စိတ်ကျေနပ်မှုဟာ မဲပေးတဲ့ရလဒ်အပေါ်မှာ အများကြီး သက်ရောက်လာနိုင်တယ်” ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ၈၀% နှင့် ပါတီအပေါ်သစ္စာစောင့်သိသူများကိုအဓိကဦးစားပေးရွေးချယ်မှုကြောင့် လူသစ်များစွာပါဝင်နိုင်ခြင်းမရှိသလို  မွန်ပြည်နယ်ကိုယ်စားလှယ်လောင်းရွေးချယ်မှုတွင်လည်း အရှုပ်အရှင်းရှိခဲ့ပြီး ပဋိပက္ခများဖြစ်ပေါ်ခဲ့သည်ဟု ၎င်းကဆိုသည်။

“ကျနော့်အထင်ပေါ့လေ NLD အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ရွေးကောက်ပွဲနေရာ ၁၀ ခုတောင်ပြည့်ပါ့မလားလို့ ကျနော်ကစိုးရိမ်မိတယ်၊ မွန်ညီညွတ်ရေးပါတီအပေါ် ကျနော်တို့အမြင်မှာတော့ အနည်းဆုံး ၅၀ ရာခိုင်နှုန်းလောက် အောင်မြင်သွားမယ်လို့ မြင်မိတယ်” ဟု ဦးအောင်နိုင်ဝင်းက သုံးသပ်သည်။

အလားတူ ပြည်သူလူထုအနေဖြင့် ဒီမိုကရေစီရေချိန်မြင့်မားလာသည့်အတွက် လာမည့်နိုဝင်ဘာ ရွေးကောက်ပွဲတွင်  မိမိတို့ပြည်နယ်ဖွံ့ဖြိုးရေးအတွက် လူကောင်းလူတော်များကို ရွေးချယ်လိမ့်မည်ဟု မွန်ပြည်နယ်လူထုဆုံရပ် ဥက္ကဌ ဦးမောင်မောင်ဇော်ထွန်းက ယူဆသည်။

ဦးမောင်မောင်ဇော်ထွန်းက “ပြည်သူလူထုက ဒီမိုကရေစီရေချိန်လေး ပိုမြင့်လာတဲ့အခါကျတော့ ဖွံ့ဖြိုးရေးတွေ ဘာတွေကိုပါ စဉ်းစားလာတယ် ဒီ ၂၀၂၀ ရွေးကောက်ပွဲရဲ့အခင်းအကျင်းမှာတော့ ကျနော်တို့ပြည်နယ်အတွက်ဆိုရင် လူကိုပိုပြီးတော့ အရေးထားလာတဲ့သဘောတွေ မြင်လာတယ်၊ လူကောင်းကို ပိုပြီးရွေးချယ်ချင်တာပေါ့၊ ဒီမိုကရေစီရရှိရေးအတွက် NLD ကိုထောက်ခံတာတစ်ပိုင်းပေါ့ ဒါပေမယ့် ကိုယ့်ပြည်နယ်ဖွံ့ဖြိုးရေးအတွက်တော့ ကောင်းတဲ့လူ တော်တဲ့လူတွေကို ပိုပြီးတော့ရွေးချင်လာတဲ့ ပုံစံလေးတွေတွေ့ရတယ်ပေါ့” ဟု ဆိုသည်။

ထို့ကြောင့် မွန်ပြည်နယ်ဆုံရပ်အနေဖြင့် “ကိုယ့်ပြည်နယ်ကိုဦးစားပေးပြီး တော်တဲ့တတ်တဲ့လူတွေကို ရွေးချယ်နိုင်ဖို့ မဲလာပေးကြပါ” သို့သော် “လူတွေကို No Vote တော့ မလုပ်ကြပါနဲ့” ဆိုသည့် လှုပ်ရှားမှုများလုပ်ဆောင်နေကြောင်း၊ ရွေးကောက်ပွဲကာလတွင် အမုန်းစကားမပြန့်ပွားရေးနှင့် ပဋိပက္ခဖြစ်ပွားလာသည့်အခါ ဝိုင်းဝန်းဖြေရှင်းရေးအစီအစဉ်ကိုအလေးထားဆောင်ရွက်နေကြောင်း ၎င်းက ဆက်ပြောသည်။  

မွန်ညီညွတ်ရေးပါတီက မွန်ပြည်နယ်အတွင်း သထုံ၊ ဘီးလင်းမြို့နယ်မှလွဲ၍ မဲဆန္ဒနယ်မြေ ၃၅ နေရာ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ NLD ပါတီက မဲဆန္ဒနယ်မြေအားလုံး ၄၅ နေရာပါဝင်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်ခဲ့ပြီဖြစ်ကြောင်း သို့ရာတွင် ပြည်ခိုင်ဖြိုးပါတီ USDP ကလည်း မွန်ပြည်နယ်နေရာအားလုံးယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းထွက်ပေါ်နေသော်လည်း ကိုယ်စားလှယ်လောင်းစာရင်းကို ထုတ်ပြန်နိုင်ခြင်းမရှိသေးပေ။

March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...