ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမား မဲပြန်ပေးရန် ပြန်ခေါ်သည့်အဆို ရှုံးနိမ့်

ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမား မဲပြန်ပေးရန် ပြန်ခေါ်သည့်အဆို ရှုံးနိမ့်

Nang Seng Nom — ထိုင်း၊ မလေးရှားရောက် မြန်မာအလုပ်သမားများရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် ပြန်လည်ခေါ်ဆောင်ရေး အရေးကြီး အဆို ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၂၁ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်“ ပြည်ပရောက် မြန်မာနိုင်ငံများ အထူးသဖြင့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံ သို့ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား များ ရွေးကောက်ပွဲတွင် လွတ်လပ်စွာ မဲပေးနိုင်ရန် အတွက် တပ်မတော် သယ်ယူပို့ဆောင်ရေး လေယာဉ်၊ ရေယာဉ်များနှင့် ပြန်လည်ခေါ်ဆောင်ရေး ” အရေးကြီး အဆိုကို ရပ်စောက်မြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဦးခင်မောင်မြင့် က တင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ အဆိုကို ဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာတွင် ထောက်ခံမဲ(၁၂၅)သာရရှိခဲ့ပြီး၊ ကိုယ်စားလှယ် စုစုပေါင်း (၁၄၄) မဲ မကျော်သည့်အတွက် အဆို ဆက်လက်ဆွေးနွေးရန် ခွင့်မပြုကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ က ကြေညာခဲ့သည်။

ထို အဆိုကို ပြည်ထောင်စု ကြံ့ခိုင်ရေး ပါတီ ဦးခင်မောင်မြင့် က အရေးကြီး အဆိုအဖြစ် တင်သွင်းခဲ့ခြင်းဖြစ်ပြီး အဆိုရှုံးနိမ့်ခဲ့ကြောင်းသိရသည်။

လာမည့် နိုဝင်ဘာ ၈ ရက်တွင် ၂၀၂၀ ခုနစ် ပါတီစုံ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး ပြည်ပရောက် မြန်မာနိုင်ငံ သားများ မဲပေးရန် အတွက် ယခု အချိန်မှ စတင်ကာ သြဂုတ်လ ၅ ရက်နေ့အထိ ပုံစံ ၁၅ လျှောက်နိုင်ပြီဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအများစု သည် တရားဝင်အလုပ်သမားကဒ်များရှိထားသော်လည်း များသောအားဖြင့် အိမ်ထောင်စု (သန်းခေါင်စာရင်း) လိပ်စာမှားယွင်းမှုကြောင့် မဲပေးရန် ခက်ခဲနိုင်ကြောင်းလည်း ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများကူညီရေးအဖွဲ့အစည်းများကပြောကြသည်။

ထို့အပြင် ပြီးခဲ့သည့် ဒီမိုကရေစီ အစိုးရ သက်တမ်း ၂ ခု (၂၀၁၀ မှ ၂၀၂၀ အထိ) က အစိုးရအနေဖြင့် ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများအရေး အလေးထား ဆောင်ရွက်ပေးမှုမရှိဘဲ ဥပက္ခာ ပြုထားကြသည်ကိုတွေ့ရကြောင်း ရွှေ့ပြောင်းအလုပ်သမားများက ပြောဆိုကြသည်။

“ ကျမတို့ ရွှေ့ပြောင်းအလုပ်သမားတွေကို သာမာန်အချိန်ဆို ရှိတယ်လို့ဘယ်သူမှ မထင်ကြဘူး။ ရွေးကောက်ပွဲနီးပြီဆိုမှ လာကြပြီ၊ အစိုးရ သက်တမ်း ၂ ဆက်တာ ပြီးသွားတာ ကျမတို့ကို စိတ်ဝင်စားတဲ့ အစိုးရ မရှိဘူး” ဟု ရွှေ့ပြောင်းအလုပ်သမား နန်းအေးစိုး က ပြောသည်။

လက်ရှိ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားအများစုသည် ကိုဗစ်-၁၉ ကာလအတွင်း အလုပ်အကိုင်မဲ့ မြန်မာအလုပ်သမားများကို ကူညီထောက်ပံ့မှု မရှိခဲ့ကြောင်းလည်း နန်းအေးစိုး ကဆိုသည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ ရောက်ရှိအလုပ်လုပ်နေသည့်ရွှေ့ပြောင်းအလုပ်သမား သိန်းချီရှိကြောင်း သိရပါသည်။

January 12, 2026
သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် စစ်တပ် ကြိုတင်မဲကြောင့်...
January 9, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက်...
January 9, 2026
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/...
January 8, 2026
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု...