အာဇာနည်နေ့ အခမ်းအနားကို မော်လမြိုင်မြို့မှာသာ ပြည်နယ်အဆင့် အကျဉ်းချုံ့ ကျင်းပသွားမည်

အာဇာနည်နေ့ အခမ်းအနားကို မော်လမြိုင်မြို့မှာသာ ပြည်နယ်အဆင့် အကျဉ်းချုံ့ ကျင်းပသွားမည်

ဇူလိုင်လ (၁၉) ရက်နေ့မှာ ကျရောက်မယ့် (၇၃) ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို မော်လမြိုင်မြို့တစ်ခုတည်းမှာသာ ပြည်နယ်အဆင့် အကျဉ်းချုံ့ကျင်းပသွားမယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ အာဇာနည်နေ့ အခမ်းအနားကို နှစ်စဉ် မြို့နယ်အလိုက် အစိုးရအဖွဲ့တွေ ၊ ဌာနဆိုင်ရာတွေ ၊ ကျောင်းသားသမဂ္ဂအဖွဲ့တွေနဲ့ ပြည်သူတွေ တက်ရောက်ပြီး စည်စည်ကားကား ကျင်းပလေ့ ရှိပါတယ်။

အခုနှစ်မှာတော့ covid-19 ကန့်သတ်ချက်တွေကြောင့် မြို့နယ်အလိုက် ကျင်းပခွင့်ပြုမှာ မဟုတ်ဘဲ မော်လမြိုင်မြို့ သံလွင်ပန်းခြံ တစ်ခုတည်းမှာသာ ပြည်နယ်အဆင့် အကျဉ်းချုံ့ ကျင်းပသွားမယ်လို့ ဆိုပါတယ်။

ဒီလိုကျင်းပရာမှာလည်း ဌာနဆိုင်ရာနဲ့လွှတ်တော်ကို လူဦးရေလျော့ ဖိတ်ကြားထားပြီး ပြည်သူနဲ့ အခြားအစုအဖွဲ့တွေကိုတော့ တစ်ဖွဲ့ကို (၆) ဦးနှုန်းသာ ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။

“ပြည်ထောင်စုရဲ့ ညွှန်ကြားချက်အရ မြို့နယ်တစ်ခုချင်းမှာ လုပ်ဖို့ မရှိဘူး။ ပြည်နယ်အဆင့်တစ်ခုတည်းပဲ ဆောင်ရွက်သွားမယ်။ ပြည်သူတွေ အခြားအစုအဖွဲ့တွေ လွမ်းသူပန်းခွေချမယ်ဆိုရင် တစ်ဖွဲ့ ခြောက်ယောက်နှုန်းနဲ့ နေ့လည် ၁၂ နာရီထိ ခွင့်ပြုသွားမယ်” လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပြောပါတယ်။

အစိုးရအဖွဲ့အနေနဲ့ ဇူလိုင်လ (၁၉)ရက် မနက် (၅) နာရီမှာ သံဃာတော်တွေကို ဆွမ်းကပ်သွားမှာ ဖြစ်ပြီး မနက် (၈) နာရီမှာတော့ မော်လမြိုင်မြို့ သံလွင်ပန်းခြံမှာ လွမ်းသူ့ပန်းခွေချသွားမှာ ဖြစ်ပါတယ်။

ကျန်တဲ့မြို့နယ်တွေမှာတော့ အခမ်းအနား ပြုလုပ်သွားမှာ မဟုတ်ပဲ လာရောက် အလေးပြု ပန်းခွေချမယ့်သူတွေ ရှိမယ်ဆိုရင် လူစုလူဝေး မဖြစ်အောင် စီမံထားတယ်လို့ ဆိုပါတယ်။

“အခမ်းအနားတော့ မလုပ်ပေမယ့် လူဦးရေ နည်းနည်းနဲ့ လာရောက် အလေးပြုချင်သူတွေရှိရင် social diatancing ဖြစ်အောင် အဝိုင်းလေးတွေနဲ့ နေရာလေးတွေ ခြားထားပြီး စီစဉ်ပေးထားပါတယ်” ပေါင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ပြောပါတယ်။

ပြည်သူတွေနဲ့ အခြားအစုအဖွဲ့တွေ လွမ်းသူပန်းခွေချမယ်ဆိုရင် နေ့လည် (၁၂) နာရီအထိသာ ခွင့်ပြုပေးသွားမှာ ဖြစ်ပြီး လူစုလူဝေး မဖြစ်အောင် မီးတပ် တပ်ဖွဲ့ နဲ့ ရဲတပ်ဖွဲ့တို့က ကြီးကြပ်သွားမယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် မြန်မာနိုင်ငံရဲ့ ခေါင်းဆောင် (၉) ဦး လုပ်ကြံခံခဲ့ရတဲ့ ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့ကို အစွဲပြုပြီးတော့ အာဇာနည်နေ့အဖြစ် အောက်မေ့ဖွယ် အခမ်းအနားကို နှစ်စဉ် ကျင်းပနေတာ ဖြစ်ပါတယ်။

May 13, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...