၀က်သေဆုံးမှုမြင့်တက်နေခြင်းသည် တုတ်ကွေးပိုးသစ်မဟုတ်တာကြောင့်လူကိုကူးစက်နိုင်ခြင်းမရှိဟုဆို

၀က်သေဆုံးမှုမြင့်တက်နေခြင်းသည် တုတ်ကွေးပိုးသစ်မဟုတ်တာကြောင့်လူကိုကူးစက်နိုင်ခြင်းမရှိဟုဆို

မြန်မာနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း ဝက်အများအပြားသေဆုံးမှုများ ရှိနေသည်။ ထိုဝက်များ သေဆုံးမှုသည် တရုတ်နိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် တုပ်ကွေးပိုးသစ်မဟုတ်ဘဲ အာဖရိကဝက်အပြင်းဖျားရောဂါကြောင့်ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက မဇ္ဈိမသို့ ပြောသည်။

 "လောလောဆယ်မှာတော့ ကျွန်မတို့နိုင်ငံမှာတော့ ဝက်တုပ်ကွေးကတော့ မတွေ့ရှိသေးပါဘူး။ ဝက်အဖျားရောဂါပဲရှိပါသေးတယ်" ဟုဆိုသည်။

တစ်ပိုင်တစ်နိုင်ဝက်မွေးမြူရေးတွေ၊ ဝက်ခြံပိုင်ရှင်များ အနေဖြင့်လည်း တစ်ခုခုကြောင့် ဝက်တွေအစုလိုက်အပြုံလိုက်သေတာတွေ့ခဲ့လျင် သက်ဆိုင်ရာ တိရစ္ဆာန်ကျန်းမာရေးဦးစီးဌာနကို အမြန်ဆုံးဆက်သွယ်သတင်းပို့ပြီး လိုအပ်သည်များဆက်လက်လုပ်ဆောင်ရန်လိုအပ်သည်။ အပြင်းဖျားနာမှုကြောင့်သေဆုံးသောဝက်များအား ရောင်းချခြင်း စားသောက်ခြင်းများ မလုပ်ရန်လည်း ဒေါက်တာခင်ခင်ကြီးက အထူးသတိပေးထားသည်။

တရုတ်နိုင်ငံက ဝက်များတွင် တွေ့ရသည့် တုပ်ကွေးသစ်သည် လူကိုကူးစက်လွယ်ကာ ဝက်မွေးမြူသူ ၁၀ရာခိုင်းနှုန်းခန့် ကူးစက်ခံထားရကြောင်း နိုင်ငံတကာသတင်းများတွင်ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ယခုလက်ရှိအချိန်ထိ ထိုတုပ်ကွေးသစ်ကို မတွေ့ရှိရသေးသော်လည်း ဆက်လက်ပြီး ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနခွဲညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက "အာဖရိကမှာဖြစ်တဲ့ ဝက်တွေက ဖျားပြီးသေတာ အဲ့ဒါက သက်သက်။ အာဖရိကဝက်အပြင်းဖျားနဲ့ ဟိုတစ်နေ့က တရုတ်မှာဖြစ်တဲ့ တုပ်ကွေးနဲ့မမှားဖို့လိုပါတယ်။ မြန်မာနိုင်ငံမှာ ဝက်မှာဖြစ်တဲ့ တုပ်ကွေးကြောင့် သေတာမရှိဘူးလားဆိုတော့ ဒါက မသိသေးဘူး။ မသိသေးဘူးဆိုတာက ဒါတွေကို တိရစ္ဆာန်ဆေးကုဘက်ကလည်း ဒါကိုစမ်းသပ်ဖို့ သူ့ဟာနဲ့ သူရှိတယ်" ဟု ပြောသည်။

ယခုဝက်အပြင်းဖျားရောဂါသည်ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်ပြီးအိမ်မွေးဝက်များ တောဝက်များသေဆုံးမှုမြင့်တက်နေသောရောဂါဖြစ်သည်။ကာကွယ်ဆေးနှင့် ကုသဆေးမရှိသေးသော်လည်း ဝက်တုပ်ကွေးကဲ့သို့ လူကိုကူးစက်တတ်သည့် ရောဂါအမျိုးအစားမဟုတ်ကြောင်း သိရသည်။

စီးပွားဖြစ် ဝက်မွေးမြူသူ ကိုအောင်မင်းက " အခုလောလောဆယ် ကျွန်တော်တို့မှာဖြစ်နေတာက ဝက်တစ်ကောင်က ကျန်းမာရေးမကောင်းဘူး ဖြစ်သွားပြီဟေ့ ဆိုတာနဲ့ ၃ရက် အလွန်ပဲ။ အလွန်ဆုံး ၃ရက်ပဲ။ ၃ရက်ကျော်သွားရင် အဲ့ဒီဝက်က သေရင်သေ မသေရင် ပိန်လှီပြီး အစာလည်းမစားတော့ဘူး။ နောက်တော့ ကျွင်းတူးပြီး မြှုပ်လိုက်ရတဲ့ အဆင့်ကို ရောက်သွားတယ်။ ကျွန်တော်ဆို ဝက်တွေနာတာ မနည်းတော့ဘူး။ အကောင် ၂၀ကျော် ၃၀ဝန်းကျင်လောက်ဖြစ်သွားတယ်။ ဆုံးရှုံးမှုကလည်း မနည်းတော့ဘူး" ဟု ဆိုသည်။

အာဖရိကဝက်အပြင်းဖျားရောဂါသည် ယခင်က အာဖရိကတွင်ရှိသည့် ဝက်များတွင် ဖြစ်ပွားခဲ့ကာ ၂၀၁၈ခုနှစ် ဩဂုတ်လမှစတင်ကာ အိမ်နီးချင်းအာရှနိုင်ငံများတွင် ကူးစက်ပြန့်ပွားခဲ့သည်။ ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် မြန်မာနိုင်ငံရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ မိုင်းလား၊ မိုင်းယောင်း၊ မိုင်းဖြတ်မြို့နယ်များနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ပန်ဆန်းမြို့နယ်တွင် စတင်ဖြစ်ပွားခဲ့ကာ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလက ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နောင်မွန်ကျေးရွာတွင် ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်၊ ဓနုဖြူနှင့် ဖျာပုံမြို့၊ ရန်ကုန်တွင် မှော်ဘီ၊ အရှေ့ဒဂုံနှင့် သန်လျင်မြို့နယ်စသည့် နေရာများတွင် ဖြစ်ပွားလျက်ရှိသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...