တပ်မတော်စစ်ကြောင်းရှိနေစဉ် ကြိမ်သာကျေးရွာတွင် နေအိမ်တစ်လုံးမီးလောင်မှု ဖြစ်ပွားခဲ့

တပ်မတော်စစ်ကြောင်းရှိနေစဉ် ကြိမ်သာကျေးရွာတွင် နေအိမ်တစ်လုံးမီးလောင်မှု ဖြစ်ပွားခဲ့

ခိုင်လူလှ — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကြိမ်သာကျေးရွာအတွင်း တပ်မတော် စစ်ကြောင်းတစ်ခု ဇွန်လ ၂၅ ရက်နေ့က ရောက်ရှိနေစဉ် နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံရွာသားများက ပြောသည်။

မီးလောင်သွားခဲ့သည့်အိမ်မှာ ဦးပန်းသာထွန်းနှင့် ဒေါ်မမျှနုတို့အိမ်ဖြစ်သည်။

“ကျွန်တော်တို့ ရွာကို ဒီနေ့ မနက်က ပြန်ရောက်ပါတယ်။ အိမ်တစ်ဆောင် မီးလောင်သွားတာကို တွေ့တယ်။ ကျန်တဲ့ အိမ်တွေကတော့ မီးလောင်တာ မရှိဘူး။ ဘာကြောင့်လောင်တယ်ဆိုတာ မသိဘူး။ ကျန်တဲ့ အိမ်တွေတော့ နဂိုအတိုင်းဘဲ တွေ့ရပါတယ်။ စာသင်ကျောင်း အခြေအနေတော့ မသိရှိရသေးဘူး” ဟု ကြိမ်သာကျေးရွာ အရပ်လူကြီးက ပြောသည်။

ကြိမ်သာကျေးရွာ အနီးတွင် တပ်မတော်သား မိသားစုဝင် ယောကျ်ား ၃ ဦးအား ဒရုန်းတစ်ခုနှင့် အတူ ဇွန်လ ၂၄ ရက်နေ့က ရက္ခိုင့်တပ်တော် (AA) မှ ဖမ်းဆီးသွားပြီးနောက် ရသေ့တောင်မြို့ပေါ်မှ စစ်ကြောင်း တစ်ခု ကြိမ်သာကျေးရွာသို့ ရောက်ရှိလာခဲ့သည်။

“ကြိမ်သာကျေးရွာကို တပ်မတော်စစ်ကြောင်းက ဇွန်လ ၂၅ ရက်နေ့ မနက်မှာ ဝင်လာပါတယ်။ စစ်ကြောင်း လာတယ်လို့ ကြားတဲ့ အတွက် ရွာသားတွေက အကုန်လုံး ထွက်ပြေးကြတယ်။ ရွာမှာ လူ ၅ဝ ကျော် လောက်ဘဲကျန်ခဲ့တယ်။ တပ်ကနေ အဲဒီလူတွေကို စာသင်ကျောင်းမှာ စုထားတယ်။ အဲဒီ အချိန်မှာ မီးလောင်တာဖြစ်တယ်။ ဒါကြောင့် ရွာသားတွေက ဘယ်လို လုပ်ပြီးလောင်တယ်ဆိုတာကို မျက်စိနဲ့ တပ်အပ် မမြင်တော့ မပြောနိုင်ဘူး ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

တပ်မတော်စစ်ကြောင်းမှာ ဇွန်လ ၂၇ ရက်နေ့ မနက်ကတည်းက ရွာကနေ ထွက်ခွာသွားကြပြီး ရွာသားတစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်း မရှိကြောင်း၊ ရွာတစ်ခုလုံး၏ အခြေအနေကို မနက်ဖြန်လောက်မှ သိရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မီးလောင်သွားသည့် အိမ်ပိုင်ရှင် ဖြစ်သူ ဒေါ်မမျှနုမှ သူမနေအိမ်မီးလောင်သွားရာတွင် စပါး ၁ဝဝ ကျော်ကို ကြိတ်ထားသော ဆန်နှင့် ငွေ ငါးသောင်းမီးထဲပါသွားပြီး သူတို့ မိသားစု အနေဖြင့် ယခုလို မိုးရာသီတွင် အိမ်ကို ပြန်ဆောက်ရန် မဖြစ်နိုင်ကြောင်း ကြိမ်သာရွာသို့ ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ဦးဇင်း မဟာနွယ် (အလယ်ချောင်း) ကို ရုပ်သံတွေ့ဆုံခန်းတွင် ပြောကြားထားသည်။

ကြိမ်သာကျေးရွာအုပ်ချုပ်ရေးမှူးမှာ ပြားချောင်းကြီးရွာအနီး တိုက်ပွဲ ဖြစ်ပွားခဲ့သည့် ဇွန်လ ၂၄ ရက်နေ့ ညနေကတည်းက ရွာထဲမှ ထွက်ပြေးသွားခဲ့ပြီး အဆက်အသွယ်လုပ်ရာတွင် ဖုန်းပိတ်ထားသဖြင့် ရွာအခြေအနေကို မေးမြန်းတင်ပြနိုင်ခြင်း မရှိသေးပါ။

 

ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...
May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...