စစ်တွေ KBZဘဏ် ဓါးပြတိုက်မှုနှင့်ပတ်သက်ပြီး ဖမ်းဆီးထားသူနှစ်ဦးကို ဒုတိယအကြိမ်ရမန်ယူ

စစ်တွေ KBZဘဏ် ဓါးပြတိုက်မှုနှင့်ပတ်သက်ပြီး ဖမ်းဆီးထားသူနှစ်ဦးကို ဒုတိယအကြိမ်ရမန်ယူ

ဆောင်းဇာခြည်၊ သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊ စစ်တွေမြို့ KBZ ဘဏ် (၂) ဓါးပြတိုက်ခံရမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးထားသူ နှစ်ဦးအား စစ်တွေမြို့နယ်တရားရုံး၌ ဇွန်လ ၂၅ ရက်နေ့က ဒုတိယအကြိမ် ရမန်ယူခဲ့ရကြောင်း သိရသည်။

၎င်းတို့နှစ်ဦးမှာ စစ်တွေမြို့၊ ကုန်တန်းရပ်ကွက်မှ Hijet ကားမောင်းသူ ဦးစိုးမင်းထွန်း (ခ) မင်းမင်းနှင့် လမ်းမတော်တောင်ရပ်ကွက်မှ KBZ ဘဏ် (၂) ၌ လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် ဦးထွန်းလင်းဦးတို့ ဖြစ်သည်။

ကိုစိုးမင်းထွန်း (ခ) မင်းမင်း၏ ဇနီးဖြစ်သူ ဒေါ်တင်တင်ဝင်းက “ကျွန်မ ယောက်ကျားမှာက ကားဝယ်တာ မကြာသေးဘူး။ အဲဒီကားနဲ့ပဲ မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရတာ။ အဲဒီ ဘဏ်ကိစ္စဖြစ်တဲ့နေ့က သူ့ကားကို လူနှစ်ယောက်က ယဉ်ကျေးမှုပြတိုက်ရှေ့က ငှားတယ်ပေါ့။ ဆတ်ရိုးကျတံတားဘက်ကို သွားမယ်ပြောလို့ လိုက်ပို့တယ်။ ဆတ်ရိုးကျတံတားအောက်ကိုရောက်တော့ သူ့ကို ခြိမ်းခြောက်တာတွေ လုပ်တယ်။ ရဲတိုင်ရင် သတ်မယ်ပေါ့။ ပြီးတော့ ဆတ်ရိုးကျနားက လူနှစ်ယောက်ကို ကားပေါ်တင်ပြီး ကားကိုယူပြီး ထွက်သွားကြပါတယ်။ ကျွန်မယောက်ကျား ဖုန်းနံပါတ်ကို သူတို့ယူသွားကြပါတယ်။ ညနေဘက်စောင်းလာတော့ သူ့ဆီကို အဲဒီလူတွေက ဖုန်းဆက်လာတယ်။ ကားကို အာဂျိတ်တော်ကုန်းမှာ ထားခဲ့တယ်ပေါ့။ ကျွန်မယောက်ကျားက ကားကို အဲဒီကို သွားယူပြီး ထွက်လာလို့ မီးစက်ခွဆုံကို ရောက်တာနဲ့ ရဲတွေက ကျွန်မယောက်ကျားကို ဖမ်းသွားတာပေါ့။ ဘာအပြစ်မှလည်း ရှိတာမဟုတ်ဘဲ ကြားညှပ်သွားတာ” ဟု နိရဉ္စရာသို့ ပြောသည်။

ဇွန်လ ၁ဝ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်က စစ်တွေမြို့၊ ကျေးပင်ကြီးရပ်ကွက်ရှိ ရှိ KBZ ဘဏ် (၂) ကို လူ ၄ ဦး ဝင်ရောက်စီးနင်းပြီး ကျပ်သိန်းပေါင်း ၁၈ဝဝ ကို ဓါးပြတိုက်ယူသွားခဲ့သည်။

ယင်းနောက်ပိုင်း ကားပိုင်ရှင် ဦးစိုးမင်းထွန်း (ခ) မင်းမင်းသာမက ဘဏ်လုံခြုံရေးဝန်ထမ်း ဦးထွန်းလင်းဦး တို့အား ဖမ်းဆီးခဲ့သည်။

၎င်းတို့ နှစ်ဦးအား ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့က စစ်တွေ မြို့နယ်တရားရုံး၌ ပထမအကြိမ် ရမန်ယူခဲ့ရပြီး ဇွန်လ ၂၅ ရက်နေ့က ဒုတိယ အကြိမ် ရမန်ယူကာ လာမည့် သြဂုတ်လ ၉ ရက်နေ့တွင် ထပ်မံ ရုံးချိန်း ပေးလိုက်ကြောင်း မိသားစုဝင်များက ပြောသည်။

အဖမ်းခံထားရသူ ဘဏ်လုံခြုံရေးဝန်ထမ်းဦးထွန်းလင်းဦး၏ ဖခင်ဖြစ်သူ ဦးစောသိန်းဦးက“ဘာအပြစ်မှ မလုပ်ထားတော့ မကြာခင် ပြန်လွတ်လာမှာပါ။ ကျွန်တော်တို့က ရှေ့နေတွေ ဘာတွေလည်း အကူညီ မတောင်းထားသေးဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့်သားက ဘာအပြစ်မှလည်း မလုပ်ထားဘူးလေ။ အခုလောလောဆယ်က စစ်တော့ စစ်ဆေး နေတယ်ပေါ့။ ရမန်က ဒုတိယ ရမန် မနေ့က ယူတာပေါ့” ဟု နိရဉ္စရာသို့ ပြောသည်။

လက်ရှိတွင် ၎င်းတို့နှစ်ဦးအား စစ်တွေမြို့မ ရဲစခန်း၌ ထိန်းသိမ်းထားကြောင်း မိသားစုဝင်များ ပြောပြချက်အရ သိရသည်။

အဆိုပါ ဘဏ်ကိစ္စဖြစ်ပွားပြီးနောက် သံသယဖြင့် စစ်တွေမြို့မှ ဒေသခံများအချို့အားလည်း ရဲတပ်ဖွဲ့က ခေါ်ယူ စစ်ဆေးမှုများ ရှိခဲ့သည်ဟု သတင်းရရှိသည်။

April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...