သျှမ်းပြည် ကလေးသူငယ် တရားရုံး နှင့် အထူးရဲ သီးသန့် မထားနိုင်သေး

သျှမ်းပြည် ကလေးသူငယ် တရားရုံး နှင့် အထူးရဲ သီးသန့် မထားနိုင်သေး

နန်းဆိုင်ဖူး — သျှမ်းပြည်နယ် တရားရုံးများတွင် ကလေး သူငယ်အထူးရဲ သီးသန့် ထားရှိရန် အစီအစဉ် မရှိသေးကြောင်းနှင့် အထူးတရားရုံးထားရှိရန် မြေနေရာခက်ခဲမှု ရှိနေသေးသည်ဟု လွှတ်တော်တွင် ပြောဆိုလိုက်သည်။

ဇွန် ၂၃ ရက်တွင် ရွာငံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းစိုး က သျှမ်းပြည်နယ်တရားရုံးများတွင် ကလေးသူငယ် အထူးတရားရုံးများ ထားရှိရန် နှင့် ကလေးသူငယ်အထူးရဲများ သီးသန့်ခန့်ထားရန် အစီစဉ် ရှိ/မရှိ စပ်လျဉ်းသည့် မေးခွန်း ကို မေးမြန်းခဲ့သည်။

ထိုမေးမြန်းချက်နှင့် ပတ်သက်ပြီး သျှမ်းပြည် တရားသူကြီးချုပ် ဦးကြွယ်ကြွယ် က တရားရုံးများတွင် ကလေးသူငယ်အထူးတရားရုံးများ ထားရှိရန် အတွက်ရုံးနေရာ အခက်အခဲဖြစ်နေသေးသဖြင့် အောင်မြင်မှု မရသေးကြောင်း ဖြေကြားခဲ့သည်။

ထို့ပြင် သျှမ်းပြည်တွင်း ကလေးသူငယ်အထူးရဲများ သီးသန့် ခန့်ထားရန် အစီအစဉ် မရှိသေးကြောင်းကိုလည်း သျှမ်းပြည် လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးနှင့် ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖြေကြားချက်အပေါ် လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းစိုးက “သျှမ်းပြည်နယ်မှာ အထူးတရားရုံး နဲ့ ကလေးတရားရုံး မရှိမဖြစ် လိုအပ်နေတဲ့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတို့ ဖြေသွားတာလဲ အားရကျေနပ်မှု မရှိဘူးပေါ့” ဟု သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းပြည် တရားရုံးများရှိ အမှုစစ်သည့်နေရာတွင် ကလေးသူငယ် အထူးတရားရုံး မရှိသည့်အတွက် အားနည်းချက် များရှိကြောင်း၊ ထို့ကြောင့်ထိုမေးခွန်းကို လွှတ်တော်တွင် ကြယ်ပွင့်ပြ မေးခွန်း မေးမြန်းရခြင်း ဖြစ်ကြောင်း လွှတ်တော် အမတ် ဦးအေးမင်းစိုး က ဆိုသည်။

“ သျှမ်းပြည်နယ်မှာက လူကုန်ကူးမှုတွေ ကလေးသူငယ် မှုခင်းတွေ သက်ငယ်မုဒိမ်းတွေ ပိုတိုးလာတယ်လေ။ ကလေးသူငယ်တွေ နဲ့ ပတ်သက်ပြီးတော့ မှုခင်းဖြစ်တဲ့ဟာတွေက အခွင့်အရေးတွေ ဥပဒေအတိုင်း အခွင့်အရေးတွေ ဆုံးရှုံးနေတာပေါ့။” ဟု ဦးအေးမင်းစိုး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းပြည် တွင် လူကုန်ကူးမှုနှင့် သက်ငယ်မုဒိမ်းမှု တနှစ်ထက်တနှစ် ပိုများလာကြောင်းလည်း ဦးအေးမင်းစိုး က ပြောသည်။

May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...