သတင်းမှားဖြန့်ဝေခံရလို့ မီဒီယာကောင်စီနှင့် facebook အဖွဲ့ကိုအကြောင်းကြားထားကြောင်း မုံရွာအောင်ရှင်ပြော

သတင်းမှားဖြန့်ဝေခံရလို့ မီဒီယာကောင်စီနှင့် facebook အဖွဲ့ကိုအကြောင်းကြားထားကြောင်း မုံရွာအောင်ရှင်ပြော

ဦးဇော်ဌေး လုပ်ရပ်များသည် NLD အစိုးရနှင့် NLD ပါတီ၏ နောက်ကျောကို ဓားဖြင့်ထိုးသလို ဖြစ်နေသည့်အတွက် သူ့ကိုမယုံကြဖို့ မုံရွာအောင်ရှင်ပြောဆိုပြီး လုပ်ကြံရေးသားထားသော သတင်းတုတစ်ခု ဖေ့စ်ဘွတ်လူမှုစာမျက်နှာပေါ်တွင် ထွက်ပေါ်ခဲ့သည်။

ထိုသတင်းကို Forward Media Group လို့အမည်ပေးထားသည့် မီဒီယာအမည်ခံ ဖေ့စ်ဘွတ်ပေ့ချ်တစ်ခုက ဇွန်လ ၂၃ ရက်နေ့တွင် ဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး လိုက်(ခ်) ပေးသူ နှစ်ထောင်ကျော်နှင့် ပြန်လည်မျှဝေသူ တစ်ထောင့်ခြောက်ရာကျော် ရှိခဲ့သည်။

ရေးသားဖြန့်ဝေထားရာတွင် ကျည်ကာကားဝယ်သည့် ကိစ္စ၊ မြေကွက်ကိစ္စ၊ ရဟတ်ယာဉ်ဝယ်သည့် ကိစ္စနှင့် ပတ်သက်ပြီး NLD က ဖုံးဖုံးဖိဖိလုပ်ထားသောအရာများကို ဦးဇော်ဌေးက ထုတ်ဖော်ပြောကြားခြင်းကြောင့် NLD ပါတီကို နောက်ကျော ဓားဖြင့်ထိုးနေသူဖြစ်သည့်အတွက် သူ့ကိုမယုံသင့်ကြောင်း မုံရွာအောင်ရှင်က ပြောသည်ဆိုပြီး ရေးသားထားခြင်း ဖြစ်သည်။

အဆိုပါပျံ့နှံ့ခဲ့သော သတင်းနှင့်ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ဗဟိုပြန်ကြားရေးအဖွဲ့အတွင်းရေး မုံရွာအောင်ရှင်ကို ဆက်သွယ်မေးမြန်းခဲ့ရာ ထိုသို့ပြောကြားခြင်း မရှိကြောင်းနှင့် ဦးဇော်ဌေးနှင့် သူ့အကြားတွင် အထင်အမြင်လွဲအောင် လုပ်ကြံရေးသားထားခြင်းသာဖြစ်ကြောင်း ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီ၏ ဗဟိုပြန်ကြားရေးအဖွဲ့အတွင်းရေး မုံရွာအောင်ရှင်က “ကျွန်တော်တို့နဲ့ ကိုဇော်ဌေးနဲ့ အထင်အမြင်လွဲအောင် တမင်လုပ်ကြံတဲ့ သတင်းပါ။ နောက်ပြီးတော့အဲဒီတင်တဲ့ သတင်းဌာနကလည်း တရားဝင်သတင်းဌာနလဲ မဟုတ်ဘူး။ ကျွန်တော်ကိုဆိုရင် အဲဒီသတင်းဌာနက သုံးကြိမ်လောက်ရှိပြီ၊ ဒီလိုပဲသတင်းအမှားနဲ့ လုပ်ကြံတာ။ ကျွန်တော်က ဒီကိစ္စကို မီဒီယာကောင်စီလည်း အကြောင်းကြားထားပါတယ်။ နောက်တခါ ဖေ့စ်ဘွတ်အဖွဲ့ကိုလည်း အရေးယူပေးဖို့ စီစဉ်ထားတာ ရှိပါတယ်။” ဟု ပြောသည်။

ထိုသို့ဖြန့်ဝေရေးသားထားသော Forward Media Group ကို အရေးယူပေးဖို့ မီဒီယာကောင်စီနှင့် ဖေ့စ်ဘွတ်အဖွဲ့ကို အကြောင်းကြားထားကြောင်းလည်း မုံရွာအောင်ရှင်က ပြောသည်။

ယင်းအပြင် မီဒီယာအမည်ခံ Forward Media Group (FMG) ဖေ့စ်ဘွတ်ပေ့ချ်ကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရသည်။

ယင်းဖေ့စ်ဘွတ်ပေ့ချ်ကို သတင်းတု၊ သတင်းမှားတင်သည့်  ဖေ့စ်ဘွတ်စာမျက်နှာအဖြစ် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီက သတ်မှတ်ထား သည်ကို လေ့လာတွေ့ရှိရသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီက သတ်မှတ်ထားသော သတင်းမှားတင်သည့် ဖေ့စ်ဘွတ်ပေ့ချ်များကို ယခုလင့်ခ်တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။ (http://myanmarpresscouncil.org/activities-mpc/statements-mpc/401-stateme...)

အထက်ပါလေ့လာဆန်းစစ်ချက်များအရ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ အစိုးရလုပ်ဆောင်ချက် များနှင့် ပတ်သက်ပြီး မယုံကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ဗဟိုပြန်ကြားရေး အဖွဲ့အတွင်းရေး မုံရွာအောင်ရှင်ပြောဆိုသောအကြောင်းအရာမှာ လုပ်ကြံရေးသားထားသော သတင်းတုတစ်ခုသာ ဖြစ်သည်။

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...