MCL ဘိလပ်စက်ရုံမှ ကျောက်မိုင်းခွဲသည့်လုပ်ငန်းရပ်ဆိုင်း

MCL ဘိလပ်စက်ရုံမှ ကျောက်မိုင်းခွဲသည့်လုပ်ငန်းရပ်ဆိုင်း

Mawlamyine Cement Limited- MCL (ကျိုက်မရောဘိလပ်မြေစက်ရုံ) သည် ၂၀၂၀ ခုနှစ် ဇွန်လ ၁ ရက်နေ့မှစ၍ ကျောက်မိုင်းခွဲခြင်းလုပ်ငန်းကို ရပ်ဆိုင်းခဲ့ပြီးဖြစ်သည့်အတွက် ကျောက်မိုင်းခွဲခြင်းကိစ္စအဝဝသည် MCL (ကျိုက်မရောဘိလပ်မြေစက်ရုံ) နှင့် လုံးဝမသက်ဆိုင်တော့ကြောင်း စက်ရုံ၏ Managing Director, Mr Hatsachai Prahanphap က ဇွန်လ ၈ ရက်နေစွဲဖြင့် အကြောင်းကြားခဲ့သည်။

မည်သို့အကြောင်းကြောင့် ကျောက်မိုင်းခွဲခြင်းလုပ်ငန်းများ ရပ်ဆိုင်းလိုက်ရသည်ကို ကုမ္ပဏီတာဝန်ရှိပုဂ္ဂိုလ်အချို့အား ဆက်သွယ်မေးမြန်းရာတွင် ၎င်းတို့အနေဖြင့် ယခုကိစ္စအား ရှင်းပြပြောဆိုရန် ဆန္ဒမရှိကြောင်း မွန်သတင်းအေဂျင်စီကို ငြင်းပယ်ခဲ့သည်။

“MCL ကိုဖက်စပ်ထားတဲ့ ထိုင်း SCG နဲ့ မြန်မာဘက်က PLCI တို့ ရှယ်ယာပြဿနာကိစ္စရှိနေတယ်၊ နေပြည်တော်အထိ သွားပြီးရှင်းကြတယ်၊ အဆင်မပြေဘူး၊ တစ်ဖက်နဲ့တစ်ဖက် လုံးဝကိုညှိမရလို့ စက်ရုံပိတ်သိမ်းတော့မယ့် အနေအထားအထိတောင် ဖြစ်သွားနိုင်တယ်” ဟု MCL နှင့်နီးစပ်သည့်လုပ်ငန်းရှင်တစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

သို့ရာတွင် အထက်ပါရှယ်ယာပြဿနာနှင့်ပတ်သက်၍ SCG နှင့် PLCI တာဝန်ရှိပုဂ္ဂိုလ်များကို ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသဖြင့် အတည်မပြုနိုင်ခဲ့ပါ။

“လက်ရှိ ကျန်နေသေးတဲ့ ကုန်ကြမ်းတွေက ဇူလိုင်လလယ်လောက်မှာ ကုန်တော့မယ်၊ သြဂုတ်လကုန်လောက်ဆိုရင် ဘိလပ်မြေထုတ်လုပ် နေတာတွေ လုံးဝကို ရပ်နားသွားသလောက်ပါပဲ” ဟု အဆိုပါလုပ်ငန်းရှင်က ဆက်ပြောသည်။

 တစ်နေ့လျှင် ဘိလပ်မြေတန်ချိန် ၅၀၀၀ ထုတ်လုပ်သည့် MCL ဘိလပ်မြေစက်ရုံသည် ထိုင်းနိုင်ငံ SCG-Siam Cement Group က အစုရှယ်ယာ ၇၀ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံသားပိုင် Pacific Link Cement Industries Ltd. က အစုရှယ်ယာ ၃၀ ရာခိုင်နှုန်း စုစုပေါင်း အမေရိကန်ဒေါ်လာသန်း ၄၀၀ ဖြင့် ရင်းနှီးမြှုပ်နှံထားသည့် ပုဂ္ဂလိကအကျိုးတူ ဖက်စပ်လုပ်ငန်းဖြစ်သည်။

Pacific Link Cement Industry- PLCI သည် ၁၆-၃-၂၀၁၆ ရက်နေ့မှစပြီး ၁၅-၃-၂၀၃၆ ရက်အထိ နှစ်ပေါင်း ၂၅ နှစ်တိုင် ပျားတောင်ဒေသတွင် လိုအပ်သည့် စက်မှုကုန်ကြမ်း ထုံးကျောက်များကို ထုတ်လုပ်ခွင့် ရရှိထားသည်။

MCL ဘိလပ်မြေစက်ရုံစတင်လည်ပတ်ပြီးနောက်ပိုင်းတွင် အတ္ထရံမြစ်ကြောင်းတလျှောက်သင်္ဘောကြီးများ အဆက်မပြတ်သွားလာမှုကြောင့် မြစ်ကမ်းပါးပြိုကျခြင်း၊ ကမ်းပါးအနီးအနားရှိ နေအိမ်များယိမ်းယိုင်သွားခြင်း၊ ရေနေသတ္တဝါများရှားပါးလာခြင်းနှင့် ကျောက်မိုင်းခွဲမှုကြောင့် အိမ်နံရံအချို့ တုန်ခါ၍အက်ကွဲမှုဖြစ်ပေါ်ခဲ့သဖြင့် ဒေသခံများမှ ကန့်ကွက်မှုများရှိခဲ့သည်။

ထို့အပြင် ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စက်ရုံစတင်လည်ပတ်ခဲ့ရာတွင် လိုအပ်သော လျှပ်စစ်မီးမဂ္ဂါဝပ် ၄၀ ကို ကျောက်မီးသွေးအသုံးပြုရသည့်အတွက် ဒေသခံများနှင့် သဘာဝဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တို့၏ မကြာခဏ ကန့်ကွက်ခံရသည့် စက်ရုံတစ်ရုံအဖြစ်ထင်ရှားသည်။



MCL ဘိလပ်စက်ရုံမှ ကျောက်မိုင်းခွဲသည့်လုပ်ငန်း ရပ်ဆိုင်းကြောင်း အကြောင်းကြားစာ (မိတ္တူမှန်)

 

May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...
May 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ ရေလုပ်သားအဖွဲ့များ ငါးဖမ်းရာသီရပ်နားထားသဖြင့် ...
May 19, 2026
မွန်ပြည်နယ်တွင် ကွမ်းသီးအနု ဈေးကောင်းရရှိနေခြင်းကြောင့် အသီးခူဆွတ်ရောင်းချမှုများ၍ ရေရှည်တွင်...
May 18, 2026
မွန်ပြည်နယ်အတွင်း၊ မြို့နယ်အလိုက် ရပ်ကွက်(သို့) ကျေးရွာအုပ်ချုပ်ရေးမှူးများ...