သျှမ်းပြည် သဘာဝအန္တရာယ် အရေးပေါ် ဘတ်ဂျက် အတွက် တိကျသည့် အဖြေမရ

သျှမ်းပြည် သဘာဝအန္တရာယ် အရေးပေါ် ဘတ်ဂျက် အတွက် တိကျသည့် အဖြေမရ

နန်းဆိုင်ဖူး — သျှမ်းပြည်အတွင်းရှိ မြို့နယ်များတွင် သဘာဝဘေးအန္တရာယ် များကျရောက်ပါက အရေးပေါ်သုံးစွဲရန် ဘတ်ဂျက် အဆိုနှင့်ပတ်သက်ပြီး တိကျသေချာသည့် အဖြေမရရှိခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၂ ရက် ဒုတိယအကြိမ် သျှမ်းပြည်လွှတ်တော် (၁၉ )ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပင်းတယမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးညီလေးချမ်းက “ သျှမ်းပြည်နယ်အတွင်းရှိ မြို့နယ် အသီးသီးတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက တစ်မြို့နယ်လျှင် အရေးပေါ် ငွေသုံးစွဲရန်အတွက် ပြည်နယ် ဘတ်ဂျက် နှစ်စဉ်ကြိုတင်ငွေလျာထားစီမံဆောင်ရွက်ပေးထားမှုနှင့် စပ်လျဉ်းသည့် မေးခွန်းကို မေးမြန်းခဲ့သည်။

အဆိုပါ မေးမြန်းမှုကို သျှမ်းပြည် ဗမာတိုင်းရင်းသားရးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်မှရလာသည့် ဘတ်ဂျက်ပေါ်မူတည်ပြီး ခွဲဝေ ပေးမည်ဟု လွှတ်တော်တွင် ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ထို ဖြေကြားမှုနှင့် ပတ်သက်ပြီး ဦးညီလေးချမ်း က “ကျနော် ဆိုလိုတဲ့ အဓိပ္ပာယ်ကတော့ အရေးပေါ် သဘာဝ ဘေးအန္တရာယ် ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ ဒီငွေတွေကို ဒီခေါင်းစဉ် နဲ့ မြို့နယ် ရန်ပုံငွေ အဖြစ်သတ်မှတ်ထားစေချင်တယ်။ သူတို့ ဖြေတဲ့ အဖြေကကျနော့် ရည်ရွယ်ချက်နဲ့ မကိုက်ညီဘူး” ဟု လွှတ်တော်အမတ် ဦးညီလေးချမ်း က ပြောသည်။

သဘာဝ ဘေးအန္တရာယ်ဖြစ်လာမှ ဘတ်ဂျက်ချပေးတာမဟုတ်ဘဲ ကြိုတင်ချပေးစေသည့် ရည်ရွယ်ချက်ဖြင့် အဆိုတင်ခဲ့ကြောင်း၊ သို့သော် လက်ရှိမှာ ဘတ်ဂျက် ကို လျာထားချက် အတိအကျ မပြောသွားကြောင်း ဦးညီလေးချမ်းက ပြောပြသည်။

“ သူ့မှာ တိကျတဲ့ အဖြေမရှိတော့ တိကျအဖြေပေးဖို့က အင်မတန် ခက်တာပေါ့။ ကျနော် ရည်ရွယ်ချက်က ဖြစ်မှ ပေးတာမျိုးမဟုတ်ဘဲ ကျနော်တို့ က သန်း ၅၀၀ ဆို သန်း ၅၀၀ တခါတည်း ထားစေချင်တယ်” ဟု ဦးညီလေးချမ်း က ဆိုသည်။

ကိုဗစ် ၁၉ မြန်မာနိုင်ငံသို့စတင်ပျံ့ပွါးလာစဉ် ၎င်းအတွက် သီးသန့်အသုံးစရိတ် မရှိသဖြင့် သျှမ်းပြည်နယ်အစိုးရ၏ ၂၀၂၀ သဘာဝ ဘေးအန္တရာယ် အတွက် လျာထားသည့် ဘတ်ဂျက် ရန်ပုံငွေ သန်း ၈၀၀ ထဲမှ ယူဆောင် သုံးစွဲသွားမည် ဟု သျှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေး ဝန်ကြီး ဒေါက်မျိုးထွန်း က သျှမ်းသံတော်ဆင့် သို့ပြောပြဖူးသည်။

ဆက်လက်ပြီး ဦးညီလေးချမ်း က “ဘတ်ဂျက်တွေ လျာထားဖို့ အင်မတန်အရေးကြီးတယ်။ ကိုဗစ်-၁၉ လည်း သဘာဝ ဘေးအန္တရာယ်ပဲလေ ဒါလေးတွေကို အမြန်ဆုံး ဖြေရှင်းနိုင်ရမယ်။ ဖြစ်လာရင် ငွေတွေ ချက်ချင်းသုံးနိုင်ရမယ်ပေါ့ ဒါလေးတွေကို မျှော်လင့်ပြီး မေးတာပါ” ဟု ပြောဆိုလိုက်သည်။

ဇွန်လ ၂၂ ရက်နေ့ တင်သွင်းသည့် အဆိုသည် သျှမ်းပြည် မြို့နယ် ၅၅ မြို့နယ်အတွက် ရည်ရွယ်ပြီး မေးမြန်းထားခြင်းဖြစ်သည်ဟု သိရသည်။

ဒုတိယအကြိမ် သျှမ်းပြည် လွှတ်တော် (၁၉ ) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၄ ရက်သာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...