သျှမ်းပြည် သဘာဝအန္တရာယ် အရေးပေါ် ဘတ်ဂျက် အတွက် တိကျသည့် အဖြေမရ

သျှမ်းပြည် သဘာဝအန္တရာယ် အရေးပေါ် ဘတ်ဂျက် အတွက် တိကျသည့် အဖြေမရ

နန်းဆိုင်ဖူး — သျှမ်းပြည်အတွင်းရှိ မြို့နယ်များတွင် သဘာဝဘေးအန္တရာယ် များကျရောက်ပါက အရေးပေါ်သုံးစွဲရန် ဘတ်ဂျက် အဆိုနှင့်ပတ်သက်ပြီး တိကျသေချာသည့် အဖြေမရရှိခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၂ ရက် ဒုတိယအကြိမ် သျှမ်းပြည်လွှတ်တော် (၁၉ )ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပင်းတယမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးညီလေးချမ်းက “ သျှမ်းပြည်နယ်အတွင်းရှိ မြို့နယ် အသီးသီးတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက တစ်မြို့နယ်လျှင် အရေးပေါ် ငွေသုံးစွဲရန်အတွက် ပြည်နယ် ဘတ်ဂျက် နှစ်စဉ်ကြိုတင်ငွေလျာထားစီမံဆောင်ရွက်ပေးထားမှုနှင့် စပ်လျဉ်းသည့် မေးခွန်းကို မေးမြန်းခဲ့သည်။

အဆိုပါ မေးမြန်းမှုကို သျှမ်းပြည် ဗမာတိုင်းရင်းသားရးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်မှရလာသည့် ဘတ်ဂျက်ပေါ်မူတည်ပြီး ခွဲဝေ ပေးမည်ဟု လွှတ်တော်တွင် ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ထို ဖြေကြားမှုနှင့် ပတ်သက်ပြီး ဦးညီလေးချမ်း က “ကျနော် ဆိုလိုတဲ့ အဓိပ္ပာယ်ကတော့ အရေးပေါ် သဘာဝ ဘေးအန္တရာယ် ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ ဒီငွေတွေကို ဒီခေါင်းစဉ် နဲ့ မြို့နယ် ရန်ပုံငွေ အဖြစ်သတ်မှတ်ထားစေချင်တယ်။ သူတို့ ဖြေတဲ့ အဖြေကကျနော့် ရည်ရွယ်ချက်နဲ့ မကိုက်ညီဘူး” ဟု လွှတ်တော်အမတ် ဦးညီလေးချမ်း က ပြောသည်။

သဘာဝ ဘေးအန္တရာယ်ဖြစ်လာမှ ဘတ်ဂျက်ချပေးတာမဟုတ်ဘဲ ကြိုတင်ချပေးစေသည့် ရည်ရွယ်ချက်ဖြင့် အဆိုတင်ခဲ့ကြောင်း၊ သို့သော် လက်ရှိမှာ ဘတ်ဂျက် ကို လျာထားချက် အတိအကျ မပြောသွားကြောင်း ဦးညီလေးချမ်းက ပြောပြသည်။

“ သူ့မှာ တိကျတဲ့ အဖြေမရှိတော့ တိကျအဖြေပေးဖို့က အင်မတန် ခက်တာပေါ့။ ကျနော် ရည်ရွယ်ချက်က ဖြစ်မှ ပေးတာမျိုးမဟုတ်ဘဲ ကျနော်တို့ က သန်း ၅၀၀ ဆို သန်း ၅၀၀ တခါတည်း ထားစေချင်တယ်” ဟု ဦးညီလေးချမ်း က ဆိုသည်။

ကိုဗစ် ၁၉ မြန်မာနိုင်ငံသို့စတင်ပျံ့ပွါးလာစဉ် ၎င်းအတွက် သီးသန့်အသုံးစရိတ် မရှိသဖြင့် သျှမ်းပြည်နယ်အစိုးရ၏ ၂၀၂၀ သဘာဝ ဘေးအန္တရာယ် အတွက် လျာထားသည့် ဘတ်ဂျက် ရန်ပုံငွေ သန်း ၈၀၀ ထဲမှ ယူဆောင် သုံးစွဲသွားမည် ဟု သျှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေး ဝန်ကြီး ဒေါက်မျိုးထွန်း က သျှမ်းသံတော်ဆင့် သို့ပြောပြဖူးသည်။

ဆက်လက်ပြီး ဦးညီလေးချမ်း က “ဘတ်ဂျက်တွေ လျာထားဖို့ အင်မတန်အရေးကြီးတယ်။ ကိုဗစ်-၁၉ လည်း သဘာဝ ဘေးအန္တရာယ်ပဲလေ ဒါလေးတွေကို အမြန်ဆုံး ဖြေရှင်းနိုင်ရမယ်။ ဖြစ်လာရင် ငွေတွေ ချက်ချင်းသုံးနိုင်ရမယ်ပေါ့ ဒါလေးတွေကို မျှော်လင့်ပြီး မေးတာပါ” ဟု ပြောဆိုလိုက်သည်။

ဇွန်လ ၂၂ ရက်နေ့ တင်သွင်းသည့် အဆိုသည် သျှမ်းပြည် မြို့နယ် ၅၅ မြို့နယ်အတွက် ရည်ရွယ်ပြီး မေးမြန်းထားခြင်းဖြစ်သည်ဟု သိရသည်။

ဒုတိယအကြိမ် သျှမ်းပြည် လွှတ်တော် (၁၉ ) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၄ ရက်သာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

January 13, 2026
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ...
January 12, 2026
သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် စစ်တပ် ကြိုတင်မဲကြောင့်...
January 9, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက်...
January 9, 2026
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/...