ရခိုင်တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည်စခန်း ၁၀၀ ကျော် ရှိလာ

ရခိုင်တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည်စခန်း ၁၀၀ ကျော် ရှိလာ

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တပ်မတော်နှင့် ရခိုင့်တပ်အေအေတို့ တိုက်ပွဲကြောင့် ဘေးလွတ်ရာ ထွက်ပြေးလာသူများ ခိုလှုံရန်ဖွင့်လှစ်ထားသည့် စစ်ဘေးဒုက္ခသည်စခန်း အရေအတွက် (၁၁၁) ခု ရှိနေပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး (REC) က ကောက်ယူထားသော အချက်အလက်များအရ သိရသည်။

အဆိုပါ ဒုက္ခသည်စခန်းများမှာ ပုဏ္ဏားကျွန်းမြို့နယ်တွင် ၁၀ခု၊ ကျောက်တော်မြို့နယ်တွင် ၂၀ခု၊ မြောက်ဦးမြို့နယ်တွင် ၂၇ခု၊ မင်းပြားမြို့နယ်တွင် ကိုးခု၊ မြေပုံမြို့နယ်တွင် ၁၈ခု၊ ရသေ့တောင်မြို့နယ်တွင် ၂၅ခု၊ ဘူးသီးတောင် မြို့နယ်တွင် ရှစ်ခု၊ မောင်တောမြို့နယ်တွင် နှစ်ခု၊ စစ်တွေမြို့ပေါ်တွင် ၁၈ ခုနှင့် ပေါက်တောတွင် လေးခု ဖြစ်ကြောင်း REC က ထုတ်ပြန်ထားသည်။

ထိုစစ်ဘေးရှောင်စခန်းများအနက် တစ်ချို့စစ်ရှောင်စခန်းများတွင် လူပေါင်းထောင်ချီထိ နေထိုင်ကြပြီး လက်ရှိရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် ဦးရေစုစုပေါင်း နှစ်သိန်းခန့် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

တစ်ချို့စစ်ဘေးရှောင်စခန်းများကို စာသင်ကျောင်းများတွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ယနေ့ဇွန်လ ၁၅ ရက် နောက်ဆုံး ဖယ်ရှားပေးရမည်ဟုဆိုသော်လည်း ကျောက်တော်မြို့ပေါ်က စာသင်ကျောင်း ခုနှစ်ကျောင်းတွင် ခိုလုံနေသည့် စစ်ဘေးဒုက္ခသည် ၃၀၀၀ ကျော်ကို နေရာပြောင်းရွှေ့ဖို့ အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။

ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်က “ရွှေ့ပြီးရင်ပြန်ထားမယ့်နေရာတွေ လိုအပ်တဲ့အခါ ဒီကနေ့ နောက်ဆုံးထား လုပ်ပေးနိုင်ဖို့ အခြေအနေက မလွယ်ဘူး။ လက်တွေ့လုပ်ရတဲ့ အလုပ်တွေက ခက်ခဲပါတယ်” ဟု ပြောသည်။

ယင်းအပြင် စစ်ရှောင်အများစုမှာ တဲအိမ်သာသာဆောက်လုပ်ထားသည့် အမိုးအကာအောက်တွင် ဖြစ်သလိုနေထိုင်နေကြခြင်းဖြစ်ပြီး မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေထိုင်ရေးအပြင် စားဝတ်နေရေးအပိုင်းမှာလည်း အခက်အခဲတချို့ ရှိနေကြသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက စစ်ဘေးရှောင် ဒုက္ခသည်များသည် မြို့ပေါ်ရပ်ကွက်များတွင် လက်သမား၊ ပန်းရံ စသည့်အလုပ်များကို လုပ်ကိုင်ပြီး စားဝတ်နေရေးအတွက် ဖြေရှင်းနေကြကြောင်း ပြောသည်။

“တိုက်ပွဲဖြစ်လို့ ပြေးလာရတယ်၊ ပြန်သွားရတယ်ဆိုတော့ စားဝတ်နေရေးအခက်အခဲဖြစ်တဲ့ စစ်ရှောင်တွေအများစုကတော့ ရသေ့တောင်မြို့ပေါ်မှာပါပဲ ပန်းရံလုပ်တယ်။ ရတဲအလုပ်တွေကို လုပ်ပြီးတော့ အသက်မွေးဝမ်းကျောင်းပြုပြီး နေထိုင်ကြတယ်” ဟု ဒေါ်ခင်စောဝေက ပြောသည်။

ရသေ့တောင်မြို့နယ် အုန်းချောင်းကျေးရွာအနီးတွင် ဇွန်လ ၁၄ ရက်နေ့ ညနေပိုင်းကလည်း တပ်မတော်နှင့် ရခိုင့်တပ်အေအေတို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အနီးအနားရှိ ကျေးရွာပေါင်း ၁၀ရွာကျော်က ကျေးရွာသား အများအပြား ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရသည်။

August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...