ကျောက်တော်နှင့် မြောက်ဦးမြို့နယ်မှ ကျေးရွာသား ၄ ဦး ထိန်းသိမ်းခံထားရ

ကျောက်တော်နှင့် မြောက်ဦးမြို့နယ်မှ ကျေးရွာသား ၄ ဦး ထိန်းသိမ်းခံထားရ

ဆောင်းဇာခြည်နှင့် ထွန်းခိုင် — ရခိုင်ပြည်နယ်၊ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်တွင် ကျေးရွာသား ၄ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရသည်ဟု သတင်းရရှိသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၄ ဦးမှာ ကျောက်တော်မြို့နယ် အပေါက်ဝရွာတွင် နှစ်ဦး၊ မြောက်ဦးမြို့နယ် လိပ်ဆင်းပြင်ရွာတွင် နှစ်ဦးဖြစ်ကြောင်း သိရသည်။

ကျောက်တော်မြို့နယ် အပေါက်ဝရွာတွင် ဖမ်းဆီးခံထားရသူ ၂ ဦးမှာ အပေါက်ဝ၊ ချောင်းဝရပ်ကွက်မှ ဦးဝေလှမောင် (၃၅) နှစ်နှင့် ပြိန်းချောင်းကျေးရွာမှ ဦးမဲလှ (၃၅) နှစ်တို့ ဖြစ်ကြောင်း သိရသည်။

ဦးဝေလှမောင်၏ ညီမတော်စပ်သူ မစောသန်းနွယ်က “မနေ့က နေ့လယ် ၁၂ နာရီကျော်လောက်မှာ သူတို့ နှစ်ဦးက ပြိန်းချောင်း ရွာက လာကြတာ။ အပေါက်ဝရွာအဝင်ကို ရောက်တော့ စစ်သားတွေက သူတို့ နှစ်ယောက်လုံးကို ဖမ်းသွားတာ။ အခုထိ မလွှတ်ပေးသေးဘူး။ ပြီးတော့ အဲဒီစစ်သားတွေ ရွာထဲမှာ ရှိနေလို့ အခု ရွာသားတစ်ချို့ တစ်ဝက်ကလည်း ထွက်ပြေးကုန်ကြပြီ။ အစ်ကိုဖြစ်သူက ပြန်မလွှတ်သေးတော့ အရမ်းစိုးရိမ်ပါတယ်” ဟု နိရဉ္စရာသို့ ပြောသည်။

တပ်တော်သားများမှာ အပေါက်ဝကျေးရွာရှိ ပေါ်တော်မူရပ်ကွက်၊ ချောင်းဖျားရပ်ကွက်တို့တွင် လက်ရှိ နေထိုင်လျက်ရှိကြကြောင်း၊ ၎င်းတပ်မတော်သားများထံ ဦးဝေလှမောင်တို့အား ပြန်လွှတ်ပေးရန် ဇွန်လ ၁ဝ ရက်နေ့ ညနေ ၇ နာရီခန့်က လူကြီးများသွားရောက်ပြောခဲ့ကြကြောင်း ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၉ မိနစ်က နိရဉ္စရာမှ ဆက်သွယ်စဉ် သူမက ပြောသည်။

“အပေါက်ဝက ရဲစခန်းမှာလည်း စစ်သားတွေ အများကြီးရှိပါတယ်။ ရဲသားတွေက နှစ်/သုံးယောက် လောက်ပဲ ရှိတယ်။ အိမ်က လူကြီးတွေက အဲဒီစစ်သားတွေဆီ သွားပြီး အစ်ကိုတို့ကို ပြန်လွှတ်ပေးဖို့ ပြောတာ စစ်သားတွေက သူတို့အတွက် အနှောင့်အယှက်မရှိဘူးဆိုရင် သူတို့ရွာထဲက ထွက်သွားတဲ့အခါ ပြန်ထားခဲ့မယ်လို့ ပြောလိုက်ပါတယ်” ဟု သူမက နိရဉ္စရာသို့ ပြောသည်။

အပေါက်ဝကျေးရွာအတွင်းသို့ ယမန်နေ့ နေ့လယ် ၁ နာရီကျော်ခန့်က တပ်မတော်စစ်ကြောင်း ဝင်ရောက် လာခဲ့ပြီး လက်ရှိ အချိန်ထိ ရွာထဲတွင် ရှိနေကြောင်၊ သူတို့ ရွာထဲသို့ ဝင်ရောက်လာစဉ် ၎င်းတို့စီးလာသည့် ကားမှဆင်းကာ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများ ရှိခဲ့သဖြင့် အပေါက်ဝကျေးရွာ၊ ချောင်းဖျားရပ်ကွက်ရှိ လခြမ်းမြီ စားသောက်ဆိုင်သို့ အလည် ရောက်နေသူထံ မာန်အောင်မြို့နယ် လေးတောင်ကျေးရွာမှ ကိုအောင်အောင် (၁၉)နှစ်၏ ညာဘက် လက်မောင်း၌ (မစိုးရိမ်ရ) ဒဏ်ရာရရှိသွားခဲ့ကြောင်းလည်း အပေါက်ဝတိုက်နယ်ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

အပေါက်ဝကျေးရွာတွင် အိမ်ခြေ ၁၄ဝဝ ကျော်ရှိပြီး၊ လူဦးရေ ၈ဝဝဝ ကျော်ခန့်ရှိကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းအား နိရဉ္စရာမှ ဆက်သွယ်ခဲ့ရာ အပေါက်ဝဒေသခံများထဲမှ တစ်ချို့တစ်ဝက်မှာ ကျေးရွာအတွင်းမနေရဲကြ၍ ကျောက်တော်မြို့ပေါ်တို့တွင် ခိုလှုံလျက်ရှိနေကြကြောင်း ပြောသည်။

ဇွန်လ ၈ ရက်နေ့ ညနေ ၇ နာရီခန့်ကလည်း တပ်မတော် စစ်ကြောင်း တစ်ခုမှ ပစ်ခတ်မှုကြောင့် အပေါက်ဝ ကျေးရွာ၊ ပင်မရပ်ကွက်မှ ဦးမောင်လှကျော် (၃၅) နှစ်၏ ပေါင်တွင် ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့ကာ ဇွန်လ ၉ ရက်နေ့ နံနက် ၁ နာရီကျော်ခန့်ကလည်း တစ်ရွာတည်းနေ ပြားမူဆလင်ရပ်ကွက်မှ ဦးဇော်ကီရာမောတ် (၃၂) နှစ်မှာလည်း ဘယ်ဘက်ပေါင်၌ ကျည်ထိမှန်ပြီး ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့သည်ဟု ကာယကံရှင်များက ပြောသည်။ လက်ရှိ အချိန်တွင် အပေါက်ဝ တိုက်နယ်ဆေးရုံ၌ ၎င်းတို့နှစ်ဦးမှာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

မြောက်ဦးမြို့နယ်၊ လိပ်ဆင်းပြင်ကျေးရွာမှ ဖမ်းဆီးထိန်းသိမ်းခြင်းခံရသူနှစ်ဦးမှာ အသက် (၃ဝ)နှစ် အရွယ် ဦးသန်းမြင့်ဌေး နှင့် အသက် (၅၅)နှစ် အရွယ် ဦးကျော်စိန် တို့ဖြစ်ကြောင်း သိရှိရသည်။

၎င်းတို့ကို ဇွန်လ ၁၁ ရက် နံနက် ၆ နာရီအချိန့်ခန့်က တပ်မတော် စစ်ကြောင်းတစ်ခု ဝင်ရောက်လာပြီး ဖမ်းခေါ်ထားကြောင်း၊ ရွာသား အများစုမှာလည်း ရွာမှထွက်ပြေး တိမ်းရှောင်နေကြကြောင်း သတင်းရရှိသည်။

ရွာသားတစ်ဦးက “ သူတို့နှစ်ယောက်ကို စစ်သားတွေက ခေါ်ထားတယ်။ အပြင်သွားလို့မရဘူး။ ချည်နှောင်ထားတာတော့ မရှိဘူး။ ရွာမှာက သူတို့နှစ်ယောက်နဲ့ အမျိုးသမီးကြီး လေးငါးယောက်လောက်ဘဲ ရှိပါတယ်။ မနေ့က အသုဘ အပြန်မှာ လက်နက်ကြီးတွေကျတဲ့ အတွက် ရွာကလူတွေ ကြောက်ပြီး ထွက်ပြေးနေကြတဲ့အတွက် ရွာမှာ လူမရှိတော့ဘူး။ သူတို့နှစ်ယောက်ကို ပြန်လွှတ်ပေးခဲ့စေချင်ပါတယ်” ဟု ပြောကြားသည်။

လိပ်ဆားပြင်ကျေးရွာတွင် အိမ်ခြေ ၁၃ဝ ရှိပြီး လူဦးရေ အားဖြင့် ၆ဝဝ ခန့် ရှိသည်ဟုလည်း သိရှိရသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်ထွန်းထွန်းညီသို့ ဆက်သွယ်ရာ တပ်မတော်ဖက်က အရပ်သားများကို ဖမ်းဆီးထားခြင်း မရှိဘူးဟု ပြန်လည်ဖြေကြားသည်။

January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...
December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...