ဂျော်မဆပ်စစ်ရှောင်စခန်းတွင် အထိမ်းအမှတ်ကျောက်တိုင်စိုက်ထူ

ဂျော်မဆပ်စစ်ရှောင်စခန်းတွင် အထိမ်းအမှတ်ကျောက်တိုင်စိုက်ထူ

ကချင်ဒေသတစ်ကျော့ပြန်စစ်ပွဲ ၉နှစ်ပြည့်နေ့တွင် Kachin Youth Movement အဖွဲ့ကဦးဆောင်ပြီး မြစ်ကြီးနားမြို့ ဂျော်မဆပ် စစ်ရှောင်စခန်းတွင် အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူခဲ့သည်ဟု သိရသည်။

‘ANHTE GALOI N MALAP NA GA AI’ (ကျွနိုပ်တို့ဘယ်တော့မှမမေ့ပါ) အဓိပ္ပာယ်ရသည့် စာတမ်းပါ ကျောက်တိုင်ကို စခန်း ၃ ခုတွင် စိုက်ထူသွားရန် ကနဦးစီစဉ်ခဲ့သော်လည်း နေရာအခက်အခဲကြောင့် စခန်း ၁ ခုတွင်သာပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

“ဒီလုပ်ငန်းလုပ်ဖို့ လူငယ်တွေကို ဘယ်သူမှ တိုက်တွန်းပေးတာမရှိဘူး။ အခုဆိုရင်စစ်ရှောင်လာတဲ့ ကာလက အရမ်း ကြာလာပြီဖြစ်တယ်။ နောင်တချိန်မှာ မျိုးဆက်သစ်တွေ သိမြင်ဖို့။ အမြဲတမ်းသတိရနေဖို့ ရည်ရွယ်ပြီး လုပ်တာပေါ့လေ။ ကျောက်တိုင် စိုက်ထူတဲ့နေရာမှာလည်း ၃နေရာမှာ လုပ်ဖို့စီစဉ်ထားတာဖြစ်တယ်။”ဟု အစီစဉ်အကောင်ထည်ဖော်ခဲ့သည့် ကချင်လူငယ်အဖွဲ့မှ ကိုပေါလု က ပြောသည်။

ဂျော်မဆပ်စစ်ရှောင်စခန်းတွင် စိုက်ထူထားသည့် ကျောက်တိုင်အတွက် ဆုတောင်းပွဲအခမ်းအနားကို ကချင်တစ်ကျော့ပြန်တိုက်ပွဲ ၉နှစ်ပြည့်သည့် ဇွန်လ ၉ရက်နေ့ ညနေပိုင်း ၃နာရီ အချိန်တွင်ပြုလုပ်ခဲ့သည်။

စစ်ရှောင်များနေထိုင်သည့်စခန်းတွင် အထိမ်းအမှတ်ကျောက်တိုင်စိုက်ထူသည့်လှုပ်ရှားမှုသည် စစ်ရှောင်ပြည်သူများအတွက် ကောင်းမွန်သည့် လုပ်ရပ်တစ်ခုဖြစ်ကြောင်း ဂျောမဆပ် စစ်ရှောင် ဒုတာဝန်ခံ ဒေါ်ဘောမ်မျှော်က ယခုလိုပြောဆိုသည်။

“အခုလို စစ်ရှောင်တွေနဲ့ပတ်သက်ပြီး လှုပ်ရှားမှုဟာ အင်မတန်မှ ကောင်းမွန်တယ်။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းက ကျမတို့လူမျိုးတွေဟာ နေရာတကာ နေထိုင်ခဲ့ကြတာဖြစ်တယ်။ ဒါပေမယ့် ဘာအမှတ်အသားတွေမှ မရှိခဲ့ဘူ။ အဲ့ကြောင့် အခုစစ်ရှောင်တွေ နေထိုင်ခဲ့တဲ့နေရာတွေကို အခုလို အမှတ်အသား မှတ်တိုင်ပြုလုပ်ထားက အရမ်းကို ထောက်ခံတယ်။ ဒီနေရာမှာ စစ်ရှောင်တွေက ခက်ခက်ခဲခဲနေထိုင်ခဲ့တာကို တရားဝင်မှတ်တမ်းတင်ထားတာ ဖြစ်တယ်။ ဒီထက်ကောင်းမွန်တဲ့ လှုပ်ရှားမှုတွေလည်း ဆက်လုပ်ပေးစေချင်တယ်” ဟု ပြောသည်။

မြစ်ကြီးနားမြို့ ဂျော်မဆပ်စစ်ရှောင်စခန်းသည် ၂၀၁၈ ခုနှစ်နွေရာသီတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ တပ်ရင်း ၁၄ နယ်မြေကို မြန်မာ့တပ်မတော်က ဝင်ရောက်တိုက်ခိုက်ချိန် စစ်ရှောင်အဖြစ်ထွက်ပြေးလာသူများဖြစ်သည်။

လယ်ကုန်း ဗက်လင်စစ်ရှောင်နှင့် ဂျန်မိုင်ကောင် (RC) စစ်ရှောင်စခန်းများတွင် ကျောက်တိုင်စိုက်ထူရန်စီစဉ်ခဲ့သော်လည်း မြေနေရာအခက်အခဲကြောင့် ယခုနှစ်တွင် စိုက်ထူနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

ကချင်တစ်ကျော့ပြန်တိုက်ပွဲကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းမြောက်ဒေသတွင် ကချင်စစ်ရှောင် ၁သိန်းကျော်ရှိနေဆဲဖြစ်ပြီး အများစုမှာ နေရပ်ပြန်လိုကြောင်း ပြောဆိုနေကြပါသည်။

 <<<>>>

  ဂျော်မဆပ်စစ်ရှောင်စခန်းတွင် စိုက်ထူထားသည့်ကျောက်တိုင် 

Most read this week

January 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က ထီးချိုင့်မြို့ကို ပြန်လည်ရရှိရေး တော်လှန်ရေးအင်အားစုတွေဘက်က ဇန်နဝါရီလ ၂၈...
January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...