မအီမြို့ ANP ပါတီဥက္ကဌအား တပ်မတော်မှဖမ်းဆီး

မအီမြို့ ANP ပါတီဥက္ကဌအား တပ်မတော်မှဖမ်းဆီး

မျိုးမြင့်ဇော် — ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် မအီမြို့မှ ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဋ္ဌ ဦးမျိုးလွင်(ခ)မောင်ကဲ ၄၆ နှစ်အား ဇွန်လ ၉ ရက် နံနက် ၂ နာရီအချိန်ခန့်က တပ်မတော်မှ လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

“ကျမယောက်ျားကို ဘာအမှုနဲ့ဖမ်းမှန်းမသိဘူး။ လာဖမ်းတဲ့အခါမှာ ရဲမပါဘူး၊ တပ်ကဗျူဟာမှူး၊ မအီမြို့ အမှတ်(၃)ရပ်ကွက်က အုပ်ချုပ်ရေးမှူးနဲ့ စစ်သားအင်အား ၃၀ ပါတယ်၊ ကျမယောက်ျားကို အိမ်အပြင် ခေါ်ထုတ်ပြီး လက်ထိပ်ခတ်ပြီးခေါ်သွားတယ်” ဟု ဦးမျိုးလွင်၏ ဇနီးဖြစ်သူဒေါ်ခင်မာဝင်းကပြောသည်။

လက်ရှိတွင် ဦးမျိုးလွင်အား မည်သည့်နေရာတွင်ဖမ်းဆီးထားသည်ကို မသိရသေးသဖြင့် မိသားစုဝင်များ အနေဖြင့် စိုးရိမ်နေကြကြောင်း မိသားစုဝင်များထံမှ သိရသည်။

“မျိုးလွင်(ခ)မောင်ကဲကို ဖမ်းတာနဲ့ပတ်သက်ပြီး တပ်ဖက်က ဘာမှမပြောသေးဘူး၊ မအီကမ်းဘက်က မောင်ကဲရဲ့ အိမ်ဝန်းကျင်မှာ စစ်သားတွေသွားလာနေကြတယ်၊ မိသားစုဝင်တွေ သတင်းလာမေးရင် လူစုဖြစ်မှာစိုးလို့ စုလို့ တောင်မရဘူး၊ သွားလာရတာလုံးဝအဆင်မပြေဘူး” ဟု တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ(ANP)၏ နာယက ဦးမိုင်းကပြောသည်။

ထို့အပြင် မအီမြို့၊ ချက်ဖောက်ရွာဟောင်းတွင်လည်း ပြီးခဲ့သည့် ဇွန် ၁ ရက်နေ့နှင့် ဇွန် ၃ ရက်နေ့တို့တွင် ANP ကျေးရွာရုံး တွဲဖက်အတွင်းရေးမှူး၊ ANP ပါတီဝင်တစ်ဦးနှင့် ကျေးရွာသား ၃ ဦး စုစုပေါင်း ၅ ဦးတို့ကို တပ်မတော် ကဖမ်းဆီးခဲ့သည်။ ထို့နောက် ရွာသား ၃ ဦးကိုပြန်လွှတ်ပေးခဲ့သော်လည်း ANP ပါတီဝင်နှစ်ဦးကို ပြန်လွှတ်ပေးခဲ့ ခြင်းမရှိခဲ့ဘဲ လက်ရှိအချိန်ထိ ဖမ်းဆီးထားဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။

တောင်ကုတ်၊ မအီအပါအဝင် ရခိုင်ပြည်နယ်ရှိ အခြားမြို့နယ်များတွင်လည်း ANP ပါတီဝင်များကို တပ်မတော် က ဆက်တိုက်ဆိုသလို ဖမ်းဆီးနေခြင်းမှာ မဖြစ်သင့်ကြောင်း ရခိုင်အမျိုးသားပါတီ(ANP) ဗဟိုအလုပ် အမှုဆောင်ကော်မတီမှ ဒု-ဥက္ကဌ(၁) တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုကပြောသည်။

“အခုလိုအခြေအနေမျိုးမှာ ANP ပါတီဝင်တွေ ဖမ်းဆီးတရားစွဲဆိုခံနေရတယ်။ အဲဒါက တစ်ဖက်အဖွဲ့အစည်းက ဒီလူတွေဟာ AA နဲ့ ဆက်သွယ်နေပါတယ်ဆိုပြီးတိုင်တော့ ဟုတ်ဟုတ် မဟုတ်ဟုတ် ပုဒ်ထီးပုဒ်မတပ်ဖို့ လွယ်သွားပြီ။ တစ်ဖက်က အလွယ်လေးတိုင်ပေမယ့် ဒီဘက်ကဖြေရှင်းရတာခက်တယ်၊ အထောက်အထား မရှိဘဲ ဖမ်းဆီးတာ၊ တရားစွဲဆိုတာမျိုးမလုပ်သင့်ဘူး”ဟု ၎င်းကပြောသည်။

ထိုသို့ မအီမြို့နယ်မှ ဦးမျိုးလွင် ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ DMG မှ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...