သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း ယခုရက်ပိုင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နှင့် မူဆယ်မြို့နယ် အတွင်း မေ ၂၉ ရက်မှ စတင်ကာ ဇွန် ၄ ရက်အထိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မေ ၂၉ ရက်တွင် သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်-နမ့်ဖတ်ကားကြား တွင် TNLAနှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားကာ အစိုးရ တပ်ဘက်မှ စစ်ကားတစီး လက်နက်ထိမှန်ခဲ့ပြီးနောက် တိုက်ပွဲများ ဆက်တိုက်ဖြစ်လာသည်။
ဇွန်လ ၄ ရက် မနက် ၁၀နာရီကျော်တွင် ကွတ်ခိုင်မြို့နယ် ရွှေမှော်ကြီးကျေးရွာ အနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့ (ဇွန်၃)ရက်တွင် ကွတ်ခိုင်မြို့နယ် ကောင်းနိမ့်ကျေးရွာ အနီးတွင် မနက် ၈နာရီခွဲကျော် တွင် စတင်ကာ မိနစ် ၂၀ခန့် ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း TNLA ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူး တာ့အိုက်ကျော် က သျှမ်းသံတော်ဆင့် ကို ပြောသည်။
“ ဒီနေ့ ကတော့ မနက် ၁၀နာရီ ၁၅ ကနေ စဖြစ်တာ။ နေ့လည် ၁၁နာရီထိတော့ နမ့်ဖတ်ကာ အခြေစိုက်တပ် ကနေ လက်နက်ကြီး တွေနဲ့ပစ်တယ်” ဟု တာ့အိုက်ကျော် က ဆိုသည်။
အစိုးရ တပ်မတော်သည် TNLA တပ်စခန်း ရှိသည့်နေရာသို့ စစ်အင်းအားများတိုးချဲ့လာခြင်း၊ စစ်အင်အားဖြည့်လာခြင်းတို့ကြောင့် ထိတွေ့မှု ဆက်တိုက်ဖြစ်ရကြောင်း တာ့အိုက်ကျော်က ပြောသည်။
“ နမ့်ဖတ်ကာ တပ်ကနေပြီးတော့ တိုက်ပွဲဖြစ်တဲ့နေရာကို လက်နက်ကြီး ၅လုံးပစ်တယ်။ ထိခိုက်မှု ရှိ၊ မရှိတော့ သေချာ မသိရသေးဘူး” ဟု ပြောသည်။
TNLA နှင့် အစိုးရ တပ်မတော်တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေသည့်အပေါ် အစိုးရတပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ကို သျှမ်းသံတော်ဆင့် က အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းသော်လည်း မရခဲ့ပေ။
ဇွန်လ ၃ ရက်တွင်လည်း သျှမ်းပြည် အရှေ့ပိုင်း ပုံပါကျင် မြို့နယ် အတွင်း အစိုးရ တပ်မတော်နှင့် နယ်ခြားစောင့်တပ်တို့ပူးပေါင်းပြီး သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်( RCSS/SSA)၏ တပ်စခန်းကို ပစ်ခတ်ခဲ့သည်။







