ချီဖွေ KBC စစ်ရှောင်စခန်းတွင် မြစ်ရေဝင်ရောက်လာ

ချီဖွေ KBC စစ်ရှောင်စခန်းတွင် မြစ်ရေဝင်ရောက်လာ
  ချီဖွေစစ်ရှောင်စခန်း (ဓါတ်ပုံ-ဦးယောန-စခန်းတာဝန်ခံ)
ချီဖွေစစ်ရှောင်စခန်း (ဓါတ်ပုံ-ဦးယောန-စခန်းတာဝန်ခံ)

ကချင်ပြည်နယ် ချီဖွေမြို့တွင် ၃ ရက်ဆက်တိုက် မိုးရွာသွန်းခဲ့မှုကြောင့် မေခမြစ်ရေ မြင့်တက်လာပြီး မေလ ၂၆ ရက်နေ့တွင် စစ်ရှောင်စခန်းနေအိမ်အချို့တွင် ရေဝင်ရောက်လာသည်ဟု စခန်းတာဝန်ခံများထံမှ သိရသည်။

မေလ ၂၄ရက်နေ့စတင်ကာ မိုးအဆက်မပြတ်ရွာသွန်းနေသည့်အတွက် မေခမြစ်ရေမြင့်တက်လာပြီး စခန်းတွင်းသို့ မေလ ၂၆ရက်နေ့ည ၇နာရီခန့်တွင် ရေဝင်ရောက်လာကြောင်း စခန်းတာဝန်ခံ ဦးယောနက ပြောသည်။

“မနေ့ည ၇နာရီလောက်ကတည်းက ရေတက်တာ တစ်ညလုံးမအိပ်ကြဘူး။ ရေကတစ်ညလုံး ဆက်တက်လာနေတော့ စိုးရိမ်တာနဲ့ တစ်ညလုံးစောင့်ကြည့်နေကြတာ။ ခုမနက်တော့ နည်းနည်းလေးကျသွားတယ်။ ဒါပေမယ့် ဒီဘက်မှာက ရေတက်ရင် ညပိုင်းပိုတက်တယ်။ နေ့မှာတော့ မတက်သလို ကျသွားတယ်လို့ ထင်ရပေမယ့် ညပိုင်းရောက်ရင် တက်တာကအရမ်းမြန်တယ်။ ဒီတိုင်းဆို ရေဆက်တက်လာနိုင်မယ့် အခြေနေရှိနေတယ်” ဟု ချီဖွေ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းမှ စစ်ရှောင်စခန်းတာဝန်ခံ ဦးယောနက ပြောသည်။

စစ်ရှောင်စခန်းအတွင်းသို့ ရေဝင်ရောက်လာသည့်အတွက် လက်ရှိတွင် အိမ်သာနှင့် ဝက်ခြံများပျက်စီးမှုရှိနေကြောင်း သိရသည်။

စစ်ရှောင်စခန်းမှ ဒေါ်လွမ်းနောက “အစ်မတို့နေတဲ့အခန်းနဲ့တော့ တစ်ပေလောက်ဘဲလိုတော့တယ်။ ရေက စခန်းအတွင်း အိမ်အောက်တွေအားလုံးရောက်နေပြီ။ ဝက်ခြံတွေဆို အားလုံး ရေနစ်နေပြီ ဝက်တွေကတော့ ရေလွှတ်ရာမှာ သွားချီထားကြတယ်။ အိမ်သာကလည်း ရေနစ်ကုန်ပြီ ခုလည်း မိုးကမတိတ်သေးဘူး။ အစ်မတို့က ကလေးတွေနဲ့ဆိုတော့ ပြေးဖို့ကလည်းမလွယ်လှဘူး။ အားလုံးကလည်း မအိပ်ဘဲစောင့်နေကြတာဆိုတော့ ဒီထက်နည်းနည်းကြီးလာရင် ဘုရားကျောင်းထဲမှာ သွားနေဖို့ပစ္စည်းတွေအားလုံး ထုတ်ပြီးပြီ။” ဟု ပြောသည်။

 

မေခမြစ်နံဘေးနှင့်မလှမ်းမကမ်းတွင်ရှိသည့် အဆိုပါချီဖွေစစ်ရှောင်စခန်းသည် နှစ်စဉ်ရေဘေးအန္တာရယ်ကြုံရသော်လည်း ယခုနှစ်တွင် ပုံမှန်ထက်စောကာ ရေဘေးဒဏ်ကို စတင်ကြုံတွေ့နေရပြီဖြစ်သည်။

ချီဖွေမြို့တွင် စစ်ရှောင်စခန်း ၂ခုရှိပြီး ယခုရေဝင်ရောက်သည့် စစ်ရှောင်စခန်းသည် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်ဝင်းရှိ စခန်းတွင်ဖြစ်ပြီး လော်ဝေါ်နှစ်ခြင်းခရစ်ယာန်အသင်းတော်ဝင်းတွင်မူ စိုးရိမ်ရလောက်သည့်အခြေနေထိ မရောက်သေးကြောင်း လော်ဝေါ်စစ်ရှောင်စခန်းတာဝန်ခံများထံမှ သိရသည်။

ချီဖွေမြို့တွင်းရှိ စစ်ရှောင်ပြည်သူများသည် ၂၀၁၂ခုနှစ် တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့သူများဖြစ်ပြီး လက်ရှိစစ်ဘေးရှောင်သည့် အိမ်ထောင်စုပေါင်း ၂၀၀ကျော်ရှိကြောင်း သိရသည်။

မြစ်ရေကြီးမှု စိုးရိမ်ရသည့်အခြေနေထိရောက်ရှိလာပါက ချီဖွေမြို့ မီးသတ်အဖွဲ့များမှ လာရောက်ကူညီပေးရန်တွက်လည်း ကူညီတောင်းခံထားကြောင်း စခန်းတာဝန်ခံ ဆရာယောနက ပြောသည်။

ချီဖွေမြို့သည် မေခမြစ်ဘေးတွင်တည်ရှိပြီး ချီဖွေချောင်းသည်လည်း မေခမြစ်သို့ စီးဝင်သော မြို့ဖြစ်သည်။  မေခမြစ်နှင့် မလိခမြစ်တို့ သည် မြစ်ကြီနားမြို့ မြောက်ဘက် ၂၈ မိုင်တွင်ပေါင်းပြီး ဧရာဝတီမြစ် အဖြစ် စီးဆင်းသည်။

May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...
May 11, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ဧပြီလတစ်လအတွင်းယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅ ဦးအနက်...
May 9, 2026
စစ်ကိုင်းတိုင်း ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို...
May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...