ပြည်ပရောက်နိုင်ငံသား ၉၇ ဦးအား ကယ်ဆယ်ရေးလေယာဉ်ဖြင့် ထပ်မံခေါ်ဆောင်မည်

ပြည်ပရောက်နိုင်ငံသား ၉၇ ဦးအား ကယ်ဆယ်ရေးလေယာဉ်ဖြင့် ထပ်မံခေါ်ဆောင်မည်

ပြည်ပနိုင်ငံအသီးသီးတွင်ပိတ်မိနေသော မြန်မာနိုင်ငံသား ၉၇ ဦးအားပြန်လည်ခေါ်ဆောင်လာမည့် ငါးကြိမ်မြောက်ကယ်ဆယ်ရေးလေယာဉ်သည် မေလ( ၂၉ ) ရက်နေ့တွင် ကိုရီးယားနိုင်ငံမှထွက်ခွာလာမည်ဟု ကိုရီးယားနိုင်ငံဆိုးလ်မြို့ အခြေစိုက် မြန်မာသံရုံးက ပြောသည်။

ကိုရီးယားနိုင်ငံမှာ စုရပ်ပြုလုပ်ကာ မေလ ၂၉ ရက်နေ့ ကိုရီးယားစံတော်ချိန်ညနေလေးနာရီခွဲတွင် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကမှ မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) က ကယ်ဆယ်ရေးလေယာဉ် တစ်စီးဖြင့် ရန်ကုန်လေဆိပ်သို့အရောက် ပျံသန်းပြေးဆွဲပေးမည်ဖြစ်သည်။

အမေရိကန်နိုင်ငံမှ လူဦးရေ ၃၀ ၊ ကိုရီးယားနိုင်ငံမှ ၂၇ ဦး ၊ ဗြိတိန်မှ ၁၀ ဦး ၊ နော်ဝေနိုင်ငံမှ ခြောက်ဦး၊ သင်္ဘောသား ၁၇ ဦးနှင့် အခြားနိုင်ငံများမှ ခုနှစ်ဦး စုစုပေါင်း ၉၇ ဦးတို့လိုက်ပါလာကြမည်ဖြစ်သည်။

မြန်မာနိုင်ငံကိုပြန်ဖို့အရေးပေါ် လိုအပ်နေများကိုသာဦးစားပေးခေါ်ယူခြင်းဖြစ်ကြောင် းကိုရီးယားနိုင်ငံအခြေစိုက် မြန်မာသံရုံး ၊ အလုပ်သမားသံအရာရှိ ဦးဇေယျာတင်ဝင်းထင်က ပြောသည်။

“ကိုရီးယားမှာဆို ဗီဇာသက်တမ်းကုန်ရင် ကိုရီးယားအစိုးရက ရက်ပေါင်း ၅၀ နေထိုင်ခွင့် ထပ်ပေးထားတယ်။ အခုပြန်မယ့်သူတွေက ရက် ၅၀ ကုန်ခါနီးသူတွေပေါ့။ ဒီမှာက အာမခံစရိတ်မရှိဘူး၊ ဆေးကုတာက အရမ်းဈေးကြီးပါတယ်။ အဲ့ဒီတော့ ကျန်းမာရေးမကောင်းသူတွေ ပါမယ်။ အခြားနိုင်ငံကဆိုရင်  လုပ်သားတွေလည်း ပါမယ်။ ကျောင်းသားတွေဆိုရင်လည်း ကျောင်းပြီးပြီ ပြန်လို့ကလည်း မရဘူး။ကျောင်းဆောင်တွေကလည်း နေလို့မရတော့ဘူး။ နေထိုင်၊ စားသောက်ရေး အခက်အခဲရှိနေသူတွေကို စီစဉ်ပေးတာပါ” ဟု ၎င်းကဆိုသည်။

လိုက်ပါမည့်သူများအနေဖြင့်လေယာဉ်လက်မှတ်များအားမိမိအစီအစဉ်ဖြင့်ကြိုတင်ဝယ်ယူရမှာဖြစ်ပြီး လေဆိပ်သို့လေယာဉ်မထွက်ခွာခင်နှစ်နာရီခွဲခန့်ကြိုတင်ရောက်ရှိနေရမည်ဖြစ်သည်။ အခြားနိုင်ငံများမှတစ်ဆင့်ပြောင်းလဲစီးနင်းမည့်သူများအနေဖြင့် ဝန်စည်များကို တိုက်ရိုက်လွှဲပြောင်းထားဖို့လိုအပ်ကြောင်း သံရုံးမှထုတ်ပြန်ထားသည်။

ယခုကဲ့သို့ပြည်ပနိုင်ငံအသီးသီးတွင်ပိတ်မိနေသောမြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေးလေယာဉ်ဖြင့်ပြန်လည်ခေါ်ဆောင်ပေးနေသည်မှာ ယခုဆိုလျှင်ငါးကြိမ်မြောက်ရှိနေပြီဖြစ်ကာ နိုင်ငံသား ၄၇၀ ဦးကျော်ကို ပြန်လည်ခေါ်ဆောင်ပြီးပြီဖြစ်သည်။

ပြည်ပနိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာမည့် ပြည်တော်ပြန်များကိုလေဆိပ်မှတစ်ဆင့် သတ်မှတ်ကွာရန်တင်းထားရှိရာစင်တာများနှင့်ဟိုတယ်များသို့ကားများဖြင့်ပို့ဆောင်ပေးမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသ ကြီးအတွင်းသတ်မှတ်ကွာရန်တင်းနေရာများတွင် ၂၁ ရက် အသွားအလာ ကန့်သတ်စောင့်ကြည့်ပြီးမှ နေရပ်သို့ပြန်ခွင့်ရရှိမည်ဖြစ်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ မေလ၂၅ ရက်နေ့ ၊ ညထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့ရှိသူအသစ် နှစ်ဦးရှိပြီး ထိုနှစ်ဦးသည် အီတလီနှင့်အိန္ဒိယမှ ပြန်လာသူများဖြစ်ကြသည်။မြန်မာနိုင်ငံတွင် အတည်ပြုလူနာ ၂၀၃ ဦးရှိပြီဖြစ်ပြီးပြန်လည်ကျန်းမာလာသူ ၁၂၃ ဦးရှိသွားပြီဖြစ်သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...