Covid-19 ခေါင်းစဉ်ဖြင့် တပ်မတော်နှင့် KIO တို့ တွေ့ဆုံ

Covid-19 ခေါင်းစဉ်ဖြင့် တပ်မတော်နှင့် KIO တို့ တွေ့ဆုံ
KIO ဌာနချုပ်နယ်မြေ Mai Sak Pa တွင် တွေ့ဆုံနေစဉ် (credit- simsa kasa)
KIO ဌာနချုပ်နယ်မြေ Mai Sak Pa တွင် တွေ့ဆုံနေစဉ် (credit- simsa kasa)

ကာလအတန်ကြာ သီးခြားတွေ့ဆုံမှုမရှိတော့သည့် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့သည် Covid-19 ကာကွယ်ရေးခေါင်းစဉ်ဖြင့် မေလ ၂၀ ရက်နေ့ KIO ဌာနချုပ်နယ်မြေ Mai Sak Pa တွင် တွေ့ဆုံခဲ့ပြီး တပ်မတော်က Covid-19 ရောဂါကာကွယ်ရေးပစ္စည်းများ ပေးအပ်ခဲ့သည်။

နှစ်ဖက်တပ်ဖွဲ့ကြား Covid-19 ကာကွယ်ရေးခေါင်းစဉ်ဖြင့်တွေ့ဆုံမှုဖြစ်သော်လည်း ငြိမ်းချမ်းရေးအတွက်ပင် လမ်းစဖြစ်နိုင်ကြောင်း KIO ဘက်မှ ဗိုလ်ချုပ်ဂွန်မော် က ပြောဆိုခဲ့သည်ကို KIO သတင်းပြန်ကြားရေးသတင်းတွင် တွေ့ရသည်။

“အခုလို နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရင်းနှင့် ဒီ trust က ကျနော်တု့ိ အရှေ့ကိုဆက်သွားနိုင်မယ်လို့ မျှော်လင့်တာ ဖြစ်ပါတယ်။ ဒါအလွတ်သဘောဆိုပေမယ့်လည်း ကျနော်တို့ရဲ့ သတင်းစကားလည်းဖြစ်ပါတယ်။ ဒါကြောင့်မလို့ တပ်မတော်ရဲ့တပ်ချူပ်နှင့် ထိပ်သီးခေါင်းဆောင်များကိုလည်း ပေးပို့ခြင်တဲ့ သတင်းစကားဖြစ်ပါတယ်။” ဟု ဗိုလ်ချူပ် ဂွမ်မော် က ပြောသည်။

အဆိုပါတွေ့ဆုံမှုကို တပ်မတော်ကာကွယ်ရေး ဦးစီးချူပ်ရုံးမှ ဗိုလ်ချူပ် ခွန်သန့်ဇော်ထူး ဦးဆောင်ကာ ရဟတ်ယာဉ်ဖြင့် ရောဂါကာကွယ်ရေးပစ္စည်း ဂျက်ဖာ ပုံး ၅၉ ပုံး သွားရောက်ပေးအပ်ခဲ့သည်။

“အဓိက ကတော့ ကျွန်တော်တို့ စေတနာကိုပြခြင်းဖြစ်တယ်။ ယုံကြည်မှုကိုပြခြင်းသာဖြစ်တယ်။ အခုလိုတွေ့ဆုံရတာ ကျေးဇူးလည်းတင်တယ်။ ဒီပစ္စည်းတွေကို ကျွန်တော်တို့ စေတနာသန့်သန့်နှင့် ပေးတာဖြစ်တဲ့အတွက် အသုံးပြုစေလိုပါတယ်။” ဟု တွဲဖက်စစ်ရေးချူပ် ဗိုလ်ချူပ်ခွန်သန့်ဇော်ထူး က အဆိုပါ ပေးအပ်ပွဲတွင် ပြောဆိုခဲ့သည်ကို Laiza TV တွင် တွေ့ရသည်။

ယခုတွေ့ဆုံမှု ဖြစ်မြောက်နိုင်ရေးအတွက် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ကြားဝင် ညှိနှိုင်းခဲ့ခြင်းဖြစ်သည်ဟု PCG မှ ဦးလမိုင်ဂွမ်ဂျာ က ပြောသည်။

လွန်ခဲ့သည့် မေလ ၁၃ ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ KIO ဒေသ Quarantine များအတွက် ငွေကျပ် ၅၇ သိန်းကျော်ကို သွားရောက်ကူညီခဲ့သော်လည်း အထင်လွဲမှုကြောင့် KIO ဘက်မှ လက်မခံဘဲ ပြန်လည်ပေးအပ်ခဲ့သည်။

Covid-19 ရောဂါတိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး ကရင်ပြည်နယ်တွင် တပ်မတော်နှင့် KNU တပ်ဖွဲ့တို့ကြား ပစ်ခတ်မှုအထိ ဖြစ်ပွားခဲ့ပြီး၊ ရှမ်းပြည်နယ်တွင်လည်း RCSS ဖြင့် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သည်။ တစ်ဖက်တွင်လည်း ရခိုင်ပြည်နယ်တွင် ရက္ခိုင်တပ်မတော် AA ဖြင့် တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု သိရသည်။

ထိုအခြေအနေများ၏ တစ်ဖက် ကချင်ပြည်နယ်တွင် တပ်မတော်မှ KIO ၏ ဗဟိုဌာနချုပ်နယ်မြေ မိုင်ဆပ်ပါ (Mai Sak Pa) Quarantine နေရာတွင် ရဟတ်ယာဉ်ဖြင့် သွားရောက်ကူညီခဲ့သည့်အပေါ် ကချင်အမျိုးသမီးအရေးလှုပ်ရှားသော ဒေါ်ဆန်ထွယ်က ယခုလို ပြောဆိုသည်။

“အခုလိုတွေ့တာက အကောင်းဘက်က မြင်ပေမယ့် အမြတ်ထုတ်မှုတွေ ထပ်မဖြစ်ဖို့တော့ အရေးကြီးတယ်။ အခုစစ်တပ်နဲ့ တွေ့ဆုံတာက ဆွေးနွေးမှု သိပ်မရှိပေမယ့် သူတို့ကြား နောက်ထပ် ထပ်မံတွေ့ဆုံနိုင်တယ်ဆိုတဲ့အချက်ကို မြင်မိတယ်။ ဒါပေမယ့် ရှေ့ဆက်အရမ်းပြုပြင်ပြောင်းလဲလာမယ်လို့တော့ သိပ်မမြင်ဘူး။ ဘာလို့ဆိုတော့ စစ်တပ်ကိုတော့ မယုံရဘူးပေါ့။ ကြုံခဲ့ရတဲ့ အတွေ့အကြုံအရပြောတာပါ။” ဟု ပြောသည်။

တစ်ဖက်တွင်လည်း တပ်မတော်မှ လိုင်ဇာဌာနချုပ်နယ်မြေအထိ ရဟတ်ယာဉ်ဖြင့်သွားရောက်ခဲ့သည့်အပေါ် ကချင်လူထုတွင်လည်း အကောင်းမြင်မှုများရှိသလို ဝေဖန်မှုများစွာလည်း ရှိနေကြသည်။

လွန်ခဲ့သည့် မတ်လ ၂၃ ရက်နေ့တွင် အစိုးရမှ ရက္ခိုင်တပ်မတော် AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် မကြေငြာခင် ရှေ့ရက်ပိုင်းအတွင်းက AA ရှိသော လိုင်ဇာဗဟိုဌာနချုပ်နှင့် KIO ၏ အခြားနယ်မြေများကို တပ်မတော်က တိုက်ခိုက်မည့်အကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှတဆင့် ပြောဆိုခဲ့သည်။

KIO အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များဖြစ်သော မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (ကိုးကန့်) MNDAA ၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ရက္ခိုင်တပ်မတော် AA တို့ဖြင့် အစိုးရတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် ရပ်တန့်နေဆဲဖြစ်သည်။

Most read this week

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...