ဖြေသိမ့်၍ မရနိုင်သည့် ခွဲခွာခြင်း

ဖြေသိမ့်၍ မရနိုင်သည့် ခွဲခွာခြင်း
သေဆုံးသူနော်သက်ဖူးအိမ်
သေဆုံးသူနော်သက်ဖူးအိမ်

စောထွန်းလင်း — မှော်ဘီမြို့နယ်၊ ချောင်းဝ ကျေးရွာအုပ်စု၊ ကျောက်တွင်းကုန်းရွာ၊ ရွာလယ်လမ်းမဘေးရှိ သွပ်မိုး၊ ဝါးအိမ်ပေါ်၌ နော်စန်း ရီအေး တစ်ယောက်ငူငူကြီး ထိုင်နေသည်။ အသက် ၄၀ ဝန်းကျင်ခန့်ရှိပြီး ဖြစ်သည့် သူ့မ၏ မျက်နှာ အမူအရာသည် တခုခုကို ဆို့နစ်ကြေကွဲနေသည့်ဟန် အတိုင်းသာပေါ်နေသည်။ ထိုသို့ ဖြစ်နေခြင်းကို နားလည်ပေးရန်နှင့် သူမစကားပြောနိုင်သည်မှ တရက်နှစ်ရက်ခန့်သာ ရှိသေးသည်ဟု အနီးရှိ လူများက ဆိုသည်။

အဆိုပါ ကျောက်တွင်းကုန်းရွာသည် မှော်ဘီမြို့အထွက် တာဆုံမှ ရွှေလှေကြီးကျေးရွာသို့ ဆက်သွယ်ထား သည့် ကားလမ်းအတိုင်း ၄ ကျော် မိုင်ခန့် သွားရသည့်နေရာတွင် တည်ရှိပြီး ကရင်တိုင်းရင်းသားများ အများစု နေထိုင်သည့် ရွာဖြစ်သည်။ ရွာတွင် အများစုသည် လက်လုပ်လက်စားများဖြစ်ပြီး အုတ်ဖုတ်သည့် လုပ်ငန်းခွင်၌ နေ့စားအဖြစ် လုပ်ကိုင်ကြသည်ဟု ရွာသားများက ဆိုသည်။

နော်စန်းရီအေးသည် ကျောက်တွင်းကုန်းရွာ ဇာတိဖြစ်ပြီး လွန်ခဲ့သည့် နှစ် ၂၀ ခန့်က ကိုကျော်ဝင်းဆိုသူနှင့် အိမ် ထောင်ပြုလိုက်ကာ သမီး ၃ ဦး၊ သားတစ်ဦး ထွန်းကားသည်။ လင်မယားနှစ်ယောက် လောကဓံကို ရင်ဆိုင်ရင်း သားသမီးများဖြင့် ပျော်ပျော်ရွှင်ရွှင် လုပ်ကိုင်စားသောက်ခဲ့သည်။ သို့သော် ကံကြမ္မာဆိုးက သူတို့ မိသား စုထံ မထင်မှတ်ဘဲ မေ ၃ ရက်နေ့တွင် ရောက်ရှိလာသည်။

အဘယ်ကြောင့်ဆိုသော် သူမ၏ ဒုတိယသမီး နော်သက်ဖူးအိမ် အသက် (၁၆) နှစ်သည် ညီအစ်မဝမ်းကွဲ တော်စပ်သူ နော်လှလှစိုး အသက် (၁၄) နှင့်အတူ ရွာနှင့် ၄ မိုင်ခန့်ဝေးသည့် ထန်းတပင်မြစ်အတွင်း ရေနစ်သေဆုံးသွားခြင်းကြောင့် ဖြစ်သည်။

“အဲ့ဒီနေ့ (မေ ၃ ရက်)က မနက်ပိုင်းမှာ မန်ကျည်းရွက် သွားရောင်းတယ်၊ နေ့လည်ပိုင်းမှာ သရက်သီးလိုက် ရောင်းတယ်။ သမီးလေး နော်သက်ဖူးအိမ်ကို အိမ်မှာ သူမောင်နှမတွေကို ကြည့်ဖို့မှာခဲ့တယ်။ ဈေးရောင်းပြီး အိမ်ပြန်လာတော့ သူမရှိဘူး၊ မောင်နှမဝမ်းကွဲတွေနဲ့ အပြင်ထွက်သွားတယ် ပြောတယ်။ ညနေပိုင်းလောက် ရောက်တော့ ရေနစ်တယ်ဆိုတဲ့ သတင်းရောက်လာတယ်”ဟု နော်စန်းရီအေးက ကရင်လို ပြောပြသည်။

ထိုနေ့က နော်သက်ဖူးအိမ်၏ အရွယ်တူ မောင်နှမဝမ်းကွဲဖြစ်သူ နော်စေးဂေဖောက ချောင်းဝကျေးရွာရှိ ရည်းစား ဖြစ်သူ မောင်သီဟနိုင်၏ မွေးနေ့ပွဲ ပြုလုပ်မည်ဖြစ်၍ အဖော်အဖြစ်လိုက်ပါရန် ခေါ်သဖြင့် နော်လှလှစိုးနှင့် အတူ မောင်နှမဝမ်းကွဲ သုံးယောက်သွားခဲ့သည်။

ထိုမွေးနေ့ ပွဲအတွက် မောင်သီဟနိုင်(၁၆)နှစ်က ရွာရှိ ဆိုင်တစ်ဆိုင်ကို ကျပ်သုံးသောင်းပေးကာ ကြက်သား၊ ဗူးသီးချက်ဖြင့် စုစုပေါင်း အရွယ်မတိမ်းမယိမ်းရှိသည့် ယောက်ျားလေး ၆ ဦး၊ မိန်းကလေး ၃ ဦးတို့ ထမင်းစား ကြသည်။ ကော်ဖီနှင့် အချိုရည်များ သောက်ကြသလို ယောက်ျားလေးများက အရက်သောက်သုံးခြင်းများ ရှိခဲ့သည်။

စားသောက်ပြီးနောက် လူငယ် ၉ ဦး အနေဖြင့် သရက်ကုန်းရွာမြစ်ကမ်းဘေးသို့ ဆင်းကာ တဖက်ကမ်းရှိ သောင်တန်းသို့ သွားလည်ရန် နေ့လည် ၁၂ နာရီခန့်တွင် လှေဖြင့် ကူးသည်။ ထိုသို့ ကူးစဉ်လှေမြုပ်သည့်အတွက် နော်သက်ဖူးအိမ်နှင့် နော်လှလှစိုးတို့ ရေနစ်သွားသည်။ ကျန်သူများက ရွာသို့ ချက်ချင်းအကြောင်း မကြားဘဲ ကြောက်လန့်တကြား တိမ်းရှောင်သွားသည်။

ထိုဖြစ်စဉ်ကို ကျေးရွာတာဝန်ရှိသူများက ညနေ ၅ နာရီခန့်တွင်သိရှိသွားပြီး လှေမြုပ်သည့်နေရာတွင် ရေနစ် ကျန်ခဲ့သူများကို သွားရှာဖွေခဲ့သည်။ နော်သက်ဖူးအိမ်၏ ဖခင်ဖြစ်သူ ကိုကျော်ဝင်းကလည်း သတင်းကြားသဖြင့် ကမ်းစပ်သို့ လိုက်သွားကာ သူ့သမီးကို ရှာဖွေခဲ့သော်လည်း မတွေ့။

“ ကမ်းနားရောက်သွားတော့ ဖိနပ်တွေ ပြန့်ကျဲနေတယ်။ ကျနော့်သမီး ဖိနပ်တစ်ဖက်က ရွှံ့တွေထဲမှာ တွေ့တယ်။ ကမ်းပေါ်မှာလည်း ခြေရာတွေ အများကြီးပဲ။ ကျနော့်သမီးက ရေမကူးတတ်ဘူး။ ဟိုးဘက်ကမ်းကို မသွားချင်ဘူး။ အဲ့ဒါကို ယောက်ျားလေးတွေက အတင်းပွေ့ချီပြီး လှေပေါ်တင်တာလို့ ကျန်ခဲ့တဲ့သူတွေက ပြောပြတယ်” ဟု ကေအိုင်စီသို့ ရှင်းပြသည်။

မောင်နှမဝမ်းကွဲ သုံးဦးတွင် အသက်ရှင်ကျန်ခဲ့သူ နော်စေးဂေဖောသည် လက်ရှိအချိန်တွင် စိတ်ပုံမှန် အခြေအနေမရှိဘဲ ညညဆိုလျှင် လန့်လန့် အော်နေသည့်အတွက် ရွာနှင့် ဝေးရာသို့ ခဏပို့ထားသည်ဟု ဆွေမျိုးများထံမှ သိရသည်။

ဖြစ်စဉ်တွင်သေဆုံးသွားသည့် နော်လှလှစိုး၏ဖခင်ဖြစ်သူ စောညီညီစိုးက “ကျနော့်သမီးက လှေပေါ်ကိုပွေ့ချီတာ လက်မခံဘူး။ ဘယ်ယောက်ျားလေးကမှ သူ့အသားကို လာမထိနဲ့လို့ ပြောတယ်။ အခုမှ သူက ၁၄ နှစ်ပဲရှိသေးတယ်။ ၅ တန်းဖြေထားတာ။ သူတို့ မောင်နှမဝမ်းကွဲတွေ အားနေရင် ပန်းချီပဲ ဆွဲနေတာ။ အရမ်းခံစားရတယ် ” ဟု ပြောသည်။

နော်လှလှစိုး၏ အလောင်းကို မေ ၄ ရက်၊ နေ့လည်ပိုင်းတွင် ပသီကျေးရွာ ဘုန်းကြီးကျောင်း အနီးရှိကမ်းစပ်၌ ပြန်တွေ့ခဲ့ပြီး မှော်ဘီဆေးရုံသို့ ရင်ခွဲစစ်ဆေးရန် ရဲက သယ်ဆောင်သွားသည်။ ထို့အတူ နော်သက်ဖူးအိမ်၏ အလောင်းကိုမူ မေ ၅ ရက်၊ နေ့လည်ပိုင်းတွင် သောင်တောပန်းတောရွာ မြစ်လည်ပိုင်းတွင် ပြန်တွေ့ခဲ့ပြီး အလောင်းကို ရဲက စစ်ဆေးရန် ဆေးရုံသို့ ပို့လိုက်သည်။

သူတို့ နှစ်ဦးစလုံး၏ အလောင်းများတွင် ဖုရောင်၊ ကျိုးကြေ ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရပြီး မိသားစုဝင်များနှင့် ဆွေမျိုးတို့က သာမန်ရေနစ်သေခြင်း ဟုတ်မဟုတ် သံသယ ဖြစ်မိသည်ဟု ပြောသည်။ မှော်ဘီမြို့မ ရဲစခန်းကမူ သာမန် သေမှု သေခင်းအဖြစ်သာအမှုဖွင့်ထားပြီး သေမှုသေခင်း အမှတ် ၉/၂၀၂၀၊ ၁၀/၂၀၂၀ဖြင့် အမှုဖွင့်ထားသည်ဟု ရဲစခန်း တာဝန်ရှိသူက ကေအိုင်စီသို့ ပြောသည်။

“ မိသားစုဝင်တွေက သာမန်ရေနစ်သေတာ မဖြစ်နိုင်ဘူး။ စစ်မေးပေးပါဆိုလို့ ၁၂ ရက်နေ့က ကျန်ခဲ့တဲ့သူ ခြောက် ယောက်နဲ့ ရပ်ရွာလူကြီးတွေ မိဘတွေ အရှေ့မှာ စစ်မေးပေးတယ်။ လှေက ပေါက်နေပြီးတော့ နစ်သွားတာလို့ ကျန်တဲ့ကလေးတွေက ပြောတယ်။ ယောက်ျားလေးတွေ အရက်သောက်ထားတာရှိတယ်။ ဆေးစာတော့ မရသေးဘူး။ သေမှုသေခင်းပဲ ဖွင့်ထားတယ်”ဟု ရဲစခန်း တာဝန်ရှိသူက မေ ၁၆ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

လက်ရှိ အသက် ၁၈ နှစ်အောက်ကလေးများကို အရက်မရောင်းရန် တားမြစ်ထားသလို အရက်ရောင်းချိန်ကိုလည်း ညပိုင်းတွင်သာခွင့်ပြုထားသည့်အတွက် ကလေးငယ်များကို အရက်ရောင်းချမှုသည် အပျော်လွန်ပြီး အမှားများ ဖြစ်ရန် တွန်းအားသကဲ့သို့ ဖြစ်နေသည်။



 သေဆုံးသူ နော်သက်ဖူးအိမ်၏ မိခင် နော်စန်းရီအေး

ယခုကဲ့သို့ သာမန်ရေနစ်သေဆုံးခြင်းဟုတ်မဟုတ် ကျန်ရစ်သူမိသားစုများက သံသယ ဝင်နေသော်လည်း အ လောင်း စစ်ဆေးသည့် ဆရာဝန်၏ ဆေးစာမှာ ဖြစ်စဉ်ဖြစ်ပွားပြီး ၁၀ ရက်ကျော်ကြာချိန်ထိ (မေ ၁၆) မထွက် လာသေးသည်မှာ ထူးခြားသည်။ အလောင်းများကို အမှန်တကယ် ရင်ခွဲ စစ်ဆေးခြင်းမျိုး ပြုလုပ်ခြင်း ရှိမရှိ သံသယ ဝင်မိသည်ဟု မိသားစုဝင်များက ဆိုသည်။

“ ကျနော်တို့က သံသယ ရှိတော့။ ကျန်ခဲ့တဲ့ ကလေး ၆ ယောက်ကို ရဲစခန်းမှာ စစ်ပေးမယ်ဆိုပြီး ၁၂ ရက်နေ့က ခေါ်တယ်။ ကလေးမိဘတွေ သွားရတယ်။ ရဲမေးတာကို ပြန်ဖြေတဲ့အခါမှာ ကလေးတွေက တစ်ယောက်တမျိုး ပြောတယ်။ တချို့ ကမ်းစပ်မှာ လှေနစ်တယ်ပြောတယ်။ တချို့ လှေမှောက်တယ် ကမ်းနဲ့ မလှမ်းမကမ်းမှာလို့ ပြောတယ်။ ထွက်ဆိုချက်မတူဘူးဆိုရင် ရဲက စကားလမ်းကြောင်းလွှဲ လိုက်တယ်။ မင်းရပြီး တခြားတယောက် ဝင်ဆိုပြီးတော့၊ လုပ်လိုက်တယ်” ဟု နော်သက်ဖူးအိမ်၏ ဖခင်ဖြစ်သူ ကိုကျော်ဝင်းက ပြောသည်။

သေဆုံးသွားသည့် ကလေးများ၏ အလောင်းကို ဆေးရုံမှ ပြန်ပေးသည့် အချိန်တွင် တလုပ်ကုန်း ကျေးရွာရှိ ရိုမန်ကက်သလစ် ခရစ်ယာန် သင်္ချိုင်းတွင် မြုပ်နှံထားလိုက်ပြီး ဖြစ်သည်။

သေဆုံးသွားသူ အသက် ၁၆ နှစ်အရွယ် နော်သက်ဖူးအိမ်သည် ဉာဏ်ကောင်းသူဟု မိခင်နော်စန်းရီအေးက ဆိုသည်။ သူ့သမီးလေးသည် အားလျှင် ပန်းချီဆွဲနေတတ်ပြီး ပန်းချီဆရာမဖြစ်ချင်သည်ဟု ပြောဖူးကြောင်း၊ မိသားစုကိုလည်း သိတတ်ကာ တစ်ခါတစ်ခါ အုတ်ဖုတ်လုပ်ငန်းလုပ်ရန်ရှိက သွားလုပ်ပြီး တစ်ရက် ကျပ် ၅,၀၀၀၊  ကျပ် ၆,၀၀၀ ထိရကြောင်း၊ ကိုဗစ်ကပ်ရောဂါ ကာလဖြစ်သည့်အတွက် ကျောင်းများ အောင်စာရင်း မထွက်သေးသလို ပြန်ဖွင့်ရန် မရေရာသည့်အချိန်တွင် မိသားစုကို ပိုက်ဆံရှာပေးချင်သည့် စိတ်ရှိသည်ဟု မိခင်ဖြစ်သူက ပြောပြသည်။

“ ကျနော့်မှာ သမီးလေးယောက်ရှိတယ်။ နော်လှလှစိုးက ဒုတိယသမီး၊ သူတို့ မောင်နှမဝမ်းကွဲတွေအားရင် ပန်းချီ ဆွဲနေတာ”ဟု နော်စန်းရီအေး၏ မောင်ဖြစ်သူ စောညီညီစိုးက ဆိုသည်။

ထို့အပြင်ရေနစ်မှု ဖြစ်ပွားပြီးနောက် ကျန်ရစ်သူများက ရွာသို့ အကြောင်းမကြားဘဲ တိမ်းရှောင်နေပြီး ညနေပိုင်း ရောက်မှ အကြောင်းကြားခြင်းသည် သံသယ ဖြစ်မိသလို အလောင်းများပေါ်တွင် ဒဏ်ရာများ ရှိနေခြင်းက ယင်းကို ပိုခိုင်မာ သွားစေသည်ဟု မိဘများက ပြောသည်။

ထို့အတွက် သက်ဆိုင်တာဝန်ရှိသူများ အနေဖြင့် အပေါ်ယံသာ စစ်ဆေးခြင်းမျိုးမလုပ်ရန် မျှော်လင့်သည်ဟု ရွာသားများက ပြောသည်။ ထိုဖြစ်စဉ်တွင် အသက်ရှင်ကျန်ရစ်သူများရှိသည့်အတွက် ဖြစ်စဉ်အမှန်ကို ထိုသူများကသိမည်သာ ဖြစ်သည်။ ထို့အတွက် ဖြစ်စဉ်အမှန်ပေါ်ပေါက်ရန် လိုလားသည်ဟု မိဘများက ပြောသည်။

“ သူကအရမ်း သွက်တယ်။ အခုလို ခွဲသွားတာ မဖြည်နိုင်ဘူး၊ ခဏပဲအိပ်လို့ရတယ် ပြန်ပြန်နိုးတယ်။ သတိရ တယ်” ဟု နော်စန်းရီအေးက သူ့သမီး နော်သက်ဖူးအိမ်၏ ဓါတ်ပုံများကို ထုတ်ပြရင်း ပြောပြသည်။ လောကဓံက သူတို့ သားအမိကို ဖြေသိမ့်၍ မရနိုင်သည့် ခွဲခွာခြင်းမျိုးပေးခဲ့သည် မဟုတ်ပါလော။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...