စားသောက်ဆိုင်အမည်ခံပြီး လိင်ဖျော်ဖြေရေးလုပ်ငန်းလုပ်ဆောင်သည့်အိမ်အား ရဲတပ်ဖွဲ့များ ဝင်ရောက်ဖမ်းဆီး

စားသောက်ဆိုင်အမည်ခံပြီး လိင်ဖျော်ဖြေရေးလုပ်ငန်းလုပ်ဆောင်သည့်အိမ်အား ရဲတပ်ဖွဲ့များ ဝင်ရောက်ဖမ်းဆီး

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၄ ရပ်ကွက် ကြခတ်တောကုန်းဆင်း ဘုရင့်နောင်လမ်းမကြီးနံဘေးတွင် စားသောက်ဆိုင်အမည်ခံပြီး လိင်ဖျော်ဖြေရေးလုပ်ငန်း လုပ်ဆောင်နေသည့်နေအိမ်အား ယမန်နေ့ (မေလ ၁၃ ရက်နေ့ ည ၁၀နာရီခန့်က ပြည်သူမှ အသွင်ယူ သတင်းပေးတိုင်ကြားမှုကြောင့် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက် ရှာဖွေ ဖမ်းဆီးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

Covid-19 အရေးပေါ်ကာလတွင် အခြားသော သာမန်စားသောက်ဆိုင်များ ပိတ်ထားသော်လည်း လူသွား လူလာ များသော လမ်းမကြီးနံဘေးရှိ အဆိုပါ ပြည့်တန်ဆာရုံ မပိတ်ဘဲ ဖွင့်ထားကြောင်းသိရှိရ၍ တာဝန်သိပြည်သူများ အနေဖြင့် ယခုလို အသွင်ယူပြီး သက်ဆိုင်ရာသို့ ကိုယ်တိုင်သွားရောက် တိုင်ကြားရခြင်းဖြစ်သည်ဟု မြဝတီမြို့ အမှတ် ၄ ရပ်ကွက်တွင် နေထိုင်သူ ကိုထွန်းထွန်းက ပြောသည်။

“ဒီပြည့်တန်ဆာရုံ ဖွင့်ထားတဲ့သတင်း ရရှိတဲ့အတွက် မေလ ၁၃ ရက်နေ့ ည ၈ နာရီခွဲအချိန်လောက်မှာ ကိုရဲမင်း (AACအဖွဲ့ဝင်) အပါအဝင် ကျနော်တို့ ၅ ယောက်အဖွဲ့ထဲမှ ၂ ယောက်က အဲ့ဒီရုံထဲဝင်သွားပြီး အသွင်ယူကာ ဆက်ရှင်ကြေး တစ်ဦးကို ၁၅,၀၀၀ စီ ပေးချေပြီး အခြေအနေအား စုံစမ်းခဲ့ပါတယ်။ အတွင်းဘက်က ပြည့်တန် ဆာဖမ်းဆီးရေး ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ သက်သေအခိုင်အမာယူပြီး ည ၉ နာရီအချိန်ခန့်မှာ အမှတ် ၄ ရပ်ကွက်ရုံးသို့ သွားရောက်ပြီး အုပ်ချုပ်ရေးမှူးထံ သတင်းပေးတိုင်ကြားခဲ့ပါတယ်။”ဟု ကိုထွန်းထွန်းက ပြော သည်။

ထိုသို့ တိုင်ကြားပြီးနောက် တစ်နာရီခန့်အကြာတွင် မြဝတီမြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ် မင်းမင်းထွန်း၊ အပိုင်နယ်ထိန်း ရဲတပ်ကြပ်ထွန်းမင်းလတ်အပါအဝင် ရဲတပ်ဖွဲ့ဝင်များနှင့်ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများက အဆိုပါ အမှတ် ၄ ရပ်ကွက် ဘုရင်နောင်လမ်းမကြီးတွင် ဇာနည်စားသောက်ဆိုင်အမည်ခံပြီး လိင်ဖျော်ဖြေရေး လုပ်ငန်း လုပ်ဆောင်နေသော နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ဆိုင်အတွင်း၌ လိင်ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်ရန်အလို့ငှာ အခန်းငယ်များဖွဲ့ပြီး ခေါင်းအုံးနှင့် အိပ်ယာခင်းများထားရှိခြင်းတို့ကို တွေ့ရှိရသည့်အတွက် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၃ ဦးအား မြဝတီမြို့မရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် ဘုရင့်နောင်လမ်းမကြီးနံဘေး အမှတ် ၄ ရပ်ကွက် မြဝတီမြို့တွင် လိင်ဖျော်ဖြေရေးလုပ်ငန်းကို နေအိမ်၌ဖွင့်၍ လုပ်ငန်းအား စီမံခန့်ခွဲလုပ်ကိုင်သူ အမျိုးသားအား (ပ) ၃၇၉/၂၀၂၀ ပြည့်တန်ဆာအက် ၅ (၁)ဖြင့် လည်းကောင်း၊  လိင်ဖျော်ဖြေရေးလုပ်ငန်းလုပ်ကိုင်ရန်ရောက်ရှိနေသော အမျိုးသမီး ၃ ဦးအား  (ပ)၃၈၀/ ၂၀၂၀ ပြည့်တန်ဆာအက် ၇(၁)ဖြင့်လည်းကောင်း မြဝတီမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ကရင်ပြည်နယ် မြဝတီမြို့အမှတ် ၄ ရပ်ကွက်နှင့် သင်္ကန်းညီနောင်ကျေးရွာတို့တွင် လိင်ဖျော်ဖြေရေးလုပ်ငန်း ၈၀ နီးပါး ခန့်ရှိပြီး လက်ရှိ Covid-19 အရေးပေါ် ကာလတွင် အများစုမှာ ပိတ်ထားသော်လည်း တစ်ချို့လိင်ဖျော် ဖြေရေးလုပ်ငန်းများမှာ ပုံမှန်လုပ်ကိုင်ဖွင့်လှစ်နေကြောင်း နယ်မြေသတင်းနှံ့စပ်သူ မြဝတီမြို့ခံ တစ်ဦးက ပြောသည်။

၎င်းက “အမှန်တကယ်တော့ အိမ်ရှင်လက်ခံလို့ ဧည့်သည်ရောက်တာ။ ပြည်တန်ဆာလုပ်ငန်း လုပ်ကိုင် သူအများစုဟာ တခြားတိုင်းနဲ့ ပြည်နယ်ကနေလာပြီး မြဝတီမြို့တွင်အိမ်ငှါး၍ ပြည့်တန် ဆာရုံဖွင့်ကြတာ များပါတယ်။ ဒါကြောင့် အခုလို ပြည့်တန်ဆာရုံဖမ်းဆီးအမှုဖွင့်တဲ့အခါ နေအိမ်ပိုင်ရှင်တွေပါတွဲပြီး အမှုဖွင့်အရေး ယူသင့်ပါတယ်”ဟု သုံးသပ်ပြောဆိုသည်။

ထိုင်းရောက် မြန်မာအလုပ်သမားအရေးဆောင်ရွက်သူ (AAC)မှ ကိုရဲမင်းတို့အဖွဲ့သည် ယခင် ဧပြီလ ၁၆ ရက်နေ့ ညပိုင်းကလည်း အမှတ် ၄ ရပ်ကွက် ကျောက်လုံးကြီးလမ်းနှင့် ဟေမာန်ဦးသုသာန်သွား လမ်းဆုံအနီး တွင် လိင်ဖျော်ဖြေရေးလုပ်ငန်းလုပ်နေသည်ဟု ကျော်ဇောသည့် နေအိမ်ကို ဖေ့ဘွတ်လူမှုကွန်ယက်တွင် တိုက်ရိုက် (Live) ထုတ်လွင့်ကာ ဝင်ရောက်ရှာဖွေမှု ပြုလုပ်ခဲ့သေးသည်။

ထိုသို့ ဝင်ရောက်ရှာဖွေမှုကြောင့် ဆိုင်ပိုင်ရှင်နှစ်ဦးမှ ကိုရဲမင်းအပါအဝင် ၆ ဦးအား ပိုင်နက်ကျူးလွန်မှုဖြင့် တရား စွဲဆိုခဲ့၍ မြဝတီမြို့မ ရဲစခန်းအချုပ်တွင် ၂၁ ရက်တိတိ ထိန်းသိမ်းခံရပြီး မေလ ၈ ရက်နေ့က အာမခံဖြင့် ပြန်လည် လွတ်မြောက်လာကာ လက်ရှိ မြဝတီမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရဆဲဖြစ်သည်။

Most read this week

Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...