အလှူရှင်များ မလာနိုင်၍ လူဦးရေ ၁၀၀၀ ကျော်ရှိသည့် ပုဏ္ဏားကျွန်း စေတီပြင်စစ်ဘေးရှောင်စခန်း စားနပ်ရိက္ခာ ပြတ်လတ်နေ

အလှူရှင်များ မလာနိုင်၍ လူဦးရေ ၁၀၀၀ ကျော်ရှိသည့် ပုဏ္ဏားကျွန်း စေတီပြင်စစ်ဘေးရှောင်စခန်း စားနပ်ရိက္ခာ ပြတ်လတ်နေ

ဆောင်းဇာခြည် — လမ်းတစ်လျှောက် အစစ်ဆေးများသဖြင့် အလှူရှင်များ မလာရောက်နိုင်၍ လူဦးရေ ၁၃၀၀ ခန့် နေထိုင် လျှက်ရှိသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ စေတီပြင် စစ်ဘေးရှောင် စခန်းတွင် စားနပ်ရိက္ခာများ ပြတ်လပ်နေပြီ ဖြစ်ကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံဆရာတော် ဦးသုဝဏ္ဏက ယနေ့ မိန့်ကြားသည်။

“နယ်မြေဒေသ မတည်ငြိမ်တာက တစ်မျိုး၊ တစ်ခါတစ်ခါ လမ်းမှာ အစစ်ဆေး ခံရတာက တစ်မျိုးပေါ့နော်။ ဒီလိုဖြစ်တယ်နေတော့ အလှူရှင်တွေက ကြောက်ပြီး မလာနိုင်ကြတာတွေ အများကြီး ရှိပါတယ်။ နောက်တစ်ခုက နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း မလာရောက်နိုင်ကြတာတွေ ရှိပါတယ်။ အဲဒီ နိုင်ငံတကာ အဖွဲ့အစည်းတွေက အကူအညီတွေ လာပေးမယ်လို့ သိရပေမယ့် ခုချိန်ထိ မရောက် လာကြတော့ အစိုးရဆီက ခွင့်ပြုချက်မရသေးတဲ့ အတွက် မလာရောက်နိုင်ကြတာလို့ ထင်ပါတယ်” ဟု ဆရာတော် ဦးသုဝဏ္ဏက နိရဉ္စရာသို့ မိန့်သည်။

၎င်းစေတီပြင် စစ်ဘေးရှောင် စခန်းမှာ လူသိနည်းသေးသဖြင့် ယနေ့ အချိန်ထိ အစိုးရဘက်ကမှ တစ်စုံတစ်ရာ ကူညီပေးခြင်း မျိုးမရှိသေးကြောင်း ဆရာတော်က ပြောဆိုသည်။

စေတီပြင် စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၂၇၄ စုရှိပြီး စုစုပေါင်း လူဦးရေ ၁၂၈၃ ရှိကာ ၎င်းတို့မှာ ပုဏ္ဏားကျွန်းမြို့နယ် ပေါက်တောပြင်၊ အောင်ဘောင်တော်၊ ကြက်စာတလင်း၊ ကန်ချောင်းနှင့် ပိန္နဲတော စသည့် ကျေးရွာတို့မှ ဖြစ်ကြောင်း သိရသည်။

၎င်းမြို့နယ်၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က ၎င်းစစ်ရှောင်စခန်းမှာ အစိုးရမှတရားဝင် အသိအမှတ်ပြုထားသော စခန်းမဟုတ်၍ အကူအညီမရရှိခြင်းဟု သိရကြောင်း၊ စခန်းတွင် လူများမှာလည်း တစ်ဖြည်းဖြည်း လျော့နည်းလာသည်ဟု သိရကြောင်း ပြောကြားသည်။

စေတီပြင်စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေထိုင်သူ ပေါက်တောပြင်ကျေးရွာသား ဦးအောင်ကျော်က “ဒီမှာ စားဝတ်နေရေး အရမ်းကို အခက်ခဲ ဖြစ်ပါတယ်။ နေမကောင်းဖြစ်ရင်လည်း ဆေးဝါးအတွက် အခက်ခဲ ရှိပါတယ်။ စားသောက်ရတာကလည်း အာလူးတွေ ငါးခြောက်တွေနဲ့ စားရပါတယ်။ အဲဒါတောင် ပုံမှန် မစားရပါဘူး။ ကျွန်တော်တို့ထွက်ပြေးလာရတာက ရွာနားက တောင်တန်းမှာ တိုက်ပွဲဖြစ်ပါတယ်။ နှစ်ဘက် ပစ်ခတ်သံလိုမျိုး ကြားရပါတယ်။ အဲဒီနေရာနဲ့ ရွာနဲ့က ခြေလျင်သွားရင် ၁၀ မိနစ်လောက်ဆို ရောက်ပါတယ်။ လေယာဉ်တွေနဲ့လည်း ရွာဘုန်းကြီးကျောင်းရဲ့ တောင်ပေါ်ကို ဗုံးကြဲပါတယ်။ အဲဒါနဲ့ ရွာသားတွေ ကြောက်ပြီး ထွက်ပြေးလာကြတာပါ” ဟု နိရဉ္စရာသို့ ပြောသည်။

၎င်းတို့ကျေးရွာသားများမှာ ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့က ရွာလုံးကျွတ် ထွက်ပြေး လာခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ရှိ သူတို့ကျေးရွာအတွင်း တပ်မတော်သားများက တပ်စွဲနေထိုင်နေသည့် အတွက် ကျေးရွာသားများအနေဖြင့် ရွာသို့ ပြန်သွားရန် အခက်ခဲရှိကြောင်း ဦးအောင်ကျော်က ဆက်ပြောသည်။

စေတီပြင်ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင် အဖြစ် ခိုလှုံနေသည့် ပေါက်တောပြင်ကျေးရွာမှ ဆရာတော် က “လမ်းပန်း ဆက်သွယ်ရေးက ပိတ်တာတစ်မျိုး၊ အလှူရှင်တွေကလည်း ကြောက်လန့်ပြီး မရောက် နိုင်တာက တမျိုး။ ပီးရင် စစ်တွေမြို့က အလှူရှင်တွေကလည်း စစ်တွေ အထွက် ကျောက်တန်းဂိတ်မှာ အစစ်ဆေးခံရတယ်။ အဲသလို အစစ်အဆေးတော့ တစ်ချို့က ပြသနာ တက်မှာကို ကြောက်တယ်။ စက်လှေနဲ့လာမယ်ဆိုရင်လည်း ပေါက်တောပြင်ရွာကို ဖြတ်လာရမယ်။ အဲဒီရွာအနီးတဝိုက်မှာက စစ်သားတွေရှိတယ်။အဖမ်းအဆီးတွေ ခံနေရမှာ စိုးရိမ်ကြတယ်ပေါ့လေ။ ဒါကြောင့် အလှူပေးဖို့ မလာကြတော့ဘူး” ဟု နိရဉ္စရာသို့ မိန့်သည်။

မေလ ၄ ရက်နေ့က စေတီပြင်စစ်ဘေးရှောင်စခန်းသို့ လိုအပ်သည့်ပစ္စည်းများအား သွားရောက် လှူဒါန်း ခဲ့သည့် စစ်တွေမြို့မှ ဒေါ်ဖြူဖြူသန်းက“ကျွန်မတို့က အဲဒီကို ကုန်းလမ်းကသွားလို့ အဆင်မပြေလို့ ရေလမ်းဘက်ကသွားခဲ့ကြပါတယ်။ အဲဒီစခန်းမှာ အိမ်သာကအစ၊ သောက်သုံးရေ၊ စစ်ဘေးရှောင် တွေ နေမယ့် အဆောင်တွေလည်း လုံလောက်အောင် မရှိဘူး။ အမျိုးသမီး ရေချိုးမယ့် နေရာလည်း မရှိပါဘူး။ ဒါတွေဟာ အစိုးရမှာ တာဝန်ရှိပါတယ်။ အခုနေတဲ့ အဆောင်တွေဆိုလည်း အုန်းပင်က အုန်းလက်တွေကို အမိုးအကာလုပ်ပြီး နေကြရပါတယ်။” ဟု နိရဉ္စရာသို့ ပြောသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် ပြီးခဲ့သည့် မတ်လအတွင်းမှစ၍ စစ်ဘေးရှောင်များ စတင် ခိုလှုံလာခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည့် စစ်ဘေးရှောင်ဦးရေ တစ်သိန်းခြောက်သောင်းကျော် ရှိနေပြီဖြစ်ကြောင်း ရခိုင် တိုင်းရင်းသားများ မျိုးနွယ်စုများအစည်းအရုံး (REC ) မှ ဧပြီလ ၃ဝ ရက်နေ့ကထုတ်ပြန်ခဲ့သည်။

ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...