တောင်ကုတ်မြို့နယ် ANP ဒုဥက္ကဋ္ဌ၊ စည်ပင်ဥက္ကဋ္ဌတို့အား ရမန်ယူပြီးနောက် အဆက်အသွယ်မရ၍ မိသားစုဝင်များစိုးရိမ်နေ

တောင်ကုတ်မြို့နယ် ANP ဒုဥက္ကဋ္ဌ၊ စည်ပင်ဥက္ကဋ္ဌတို့အား ရမန်ယူပြီးနောက် အဆက်အသွယ်မရ၍ မိသားစုဝင်များစိုးရိမ်နေ

အိမ်စိုးဖြူ — ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ အကြမ်းဖက်မှုနှင့် တရားစွဲဆို ခံထားရသည့် မြို့နယ် ရခိုင်အမျိုးသားပါတီ (ANP) ဒုဥက္ကဋ္ဌ၊ စည်ပင်ဥက္ကဋ္ဌ အပါအဝင် လူ ၃ ဦးနှင့် ရမန်ယူသွားသည့် နေ့ကတည်းက စပြီး အဆက်အသွယ် မရဘဲ ဖြစ်နေသဖြင့် မိသားစုဝင်များမှ စိုးရိမ်နေကြရသည်ဟု ပြောဆိုသည်။

တောင်ကုတ်မြို့နယ် စည်ပင် ဥက္ကဋ္ဌ ဦးဇေယျကျော်၏ဇနီးဖြစ်သူ ဒေါ်ဟန်စုလှိုင်က “စခန်းကနေ ရန်ကုန်ကို ခေါ်သွားတယ်လို့ကြားရတယ်။ ရမန် ထုတ်လာတဲ့နေ့က သူတို့ကတောင်ကုတ်မှာ ထားမယ့် ပုံစံပြောတယ်။ ကျွန်မတို့က တောင်ကုတ်မှာ ထားမယ်ထင်ပြီး စိတ်ချလက်ချက် အိမ်ကိုပြန်လာတဲ့အချိန် ခေါ်သွားတာပါ။ ကိုဇေယျကျော်ရဲ့ အသိမိတ်ဆွေတစ်ယောက်က အဲဒီနားမှာစောင့်ကြည့်နေတာမှာ သိရတာပါ။ စိုးရိမ်တာက အတိုင်းအလွန်ပါ။ ဘယ်ရောက်လို့၊ ဘယ်လိုဖြစ်ပျက်နေမှန်း မသိတော့ ပြောမပြတတ်အောင် စိုးရိမ်ပါတယ်” ဟုပြောသည်။

တောင်ကုတ်မြို့နယ် ANP ဒုဥက္ကဋ္ဌ(၁) ဦးဝေသောင်း၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်နှင့် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌဟောင်း ဦးစန်းငွေတို့အား မေလ ၁၁ ရက်နေ့က ချုပ်ရမန်ယူခဲ့ကာ တောင်ကုတ်ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး နောက်ပိုင်းမေလ ၁၃ ရက်နေ့ အထိ အဆက်အသွယ်ပြတ်တောက်နေကြောင်း မိသားစုဝင်များကပြောသည်။

သူတို့အား ရမန်ယူပြီးနောက် ရန်ကုန်သို့ ချက်ချင်ဒခေါ်သွားသည်ဟု သတင်းရကြောင်း မိသားစုများက ပြောဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မေးမြန်းရာ တောင်ကုတ်မြို့နယ်ရဲမှူးသန်းနိုင်သို့ ဆက်သွယ်ရာ လုံခြုံရေး အရဟုဆိုကာ ဖြေဆိုရန် ငြင်းဆိုသည်။

“အဲဒါက စစ်ဆေးနေတုန်းမို့လို့ပြောပြလို့မရသေးဘူး။ နောက်မှ လိုအပ်မှ၊ ပြောပြလို့ရတဲ့အခါ ပြောပြမယ်နော်။ လုံခြုံရေးအရ ဘာမှပြောလို့မရသေးဘူး”ဟု ပြောသည်။

၎င်းတို့ ၃ ဦးအနက် ဦးဇေယျကျော်နှင့် ဦးစန်းငွေတို့အား ဘူးရွှေမော်တွင် လူတချို့ကို ရဲအယောင်ဆောင် များက ဖမ်းဆီးရန် ဖြစ်စဉ်နှင့် ပတ်သက်၍ ဖေ့စ်ဘုတ် လူမှု စာမျက်ပေါ်မှ ဖော်ပြခဲ့သဖြင့် ဖမ်းဆီးခြင်း ဖြစ်သည်ဟုသိရှိရပြီး တောင်ကုတ်မြို့နယ် ANP ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝေသောင်းအား မည်သည့် အတွက် ဖမ်းဆီးခြင်းအား သိရှိခြင်း မရှိသေးကြောင်း သိရသည်။

၎င်းတို့ ၃ ဦးအား မေလ ၁၁ ရက်နေ့က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ၅ဝ(က)ဖြင့် တောင်ကုတ် မြို့နယ် တရားရုံးတွင် အမှုဖွင်ခဲ့ပြီး မေလ ၂၄ ရက်နေ့ထိချုပ်ရမန်ယူခဲ့ကြောင်း အမှုအား လိုက်ပါ ဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဒေါ်သင်္ဂီမောင်ကပြောသည်။

ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...