မာန်ယုကျော် — ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှ ကျောက်ဆိပ်ကျေးရွာမှ လူငယ် ၅ ဦးကို ဥပဒေနှင့် မလျော်ညီစွာ စစ်ဆေးခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တရားဥပဒေအရ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေလ ၁၂ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။
ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာမှ အမျိုးသား ၅ ဦးကို ရေယာဉ်တစ်စီးပေါ်တွင် တပ်မတော်သားများက မျက်လုံးကိုအဝတ်ဖြင့်စည်းပြီး နောက်ပြန်ကြိုးတုတ်ကာ ညှဉ်းပန်းနှိပ်စက်နေသည့် ဗီဒီယိုဖိုင်တစ်ခုသည် မေလ ၁ဝ ရက်နေ့ လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လာခဲ့သည်။
ယင်းဗီဒီယိုဖိုင်တွင် အမျိုးသား ၅ ဦး၏ခန္ဓာနှင့် မျက်နှာတို့အား တပ်မတော်သားများက ကန်ကျောက်ခြင်း၊ မျက်နှာကို လက်သီးဖြင့် ထိုးခြင်း၊ ပါးရိုက်ခြင်း၊ ပက်လက်လှန်ခိုင်းကာ ရင်ဘတ်ကို ခြေထောက်ဖြင့် တက်ဆောင့်ခြင်းစသည့် ညှဉ်းပန်း နှိပ်စက်နေခြင်းနှင့် ပတ်သက်ပြီး အများက ဝေဖန်ရှုတ်ချနေကြချိန်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက မေလ ၁၂ ရက်နေ့ ညနေပိုင်း၌ သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
တပ်မတော်၏ထုတ်ပြန်ချက်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ အမျိုးသား ၅ ဦးအား ထိန်းသိမ်း၍ လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်လျက်ရှိသည်ဟု ဧပြီ ၂၁ ရက်တွင် သတင်းထုတ်ပြန်ထားခဲ့သည်ဟု ဆိုထားသည်။
ယင်းအပြင် "၎င်းအမျိုးသား ၅ ဦးကို ထပ်မံစစ်ဆေးမှုများပြုလုပ်ရန်နှင့် တရားဥပဒေအရ တရားစွဲဆိုမှု များ ပြုလုပ်နိုင်ရေး ပုဏ္ဏားကျွန်းမှ စစ်တွေသို့ ဧပြီ ၂၇ ရက် နံနက်ပိုင်းတွင် စစ်ရေယာဉ် ဖြင့် ပို့ဆောင်ခဲ့ကြောင်း၊ ထိုသို့ပို့ဆောင်စဉ် အစောင့်အဖြစ်လိုက်ပါလာသည့် လုံခြုံရေး တပ်ဖွဲ့ဝင်အချို့က ဥပဒေနှင့် မလျော်ညီသည့် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့သည့် Video ဖိုင်ဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်တွေ့ရှိရသည်။ ထိုသို့ ဥပဒေနှင့် မလျော်ညီသည့် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား စစ်စည်းကမ်းအရ အရေးယူနိုင်ရေး စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သတင်း ရရှိသည်" ဟုလည်း ဆက်လက်ဖော်ပြထားခြင်းဖြစ်သည်။
တပ်မတော်၏ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခံရသူများတွင်ပါဝင်သည့် ကျောက်ဆိပ်ကျေးရွာမှ ကိုညီညီအောင် (၂၄ နှစ်)၏ ဦးရီးဖြစ်သူ ဦးစောသိန်းမောင်က "ဥပဒေအရ အရေးယူမယ်ဆိုတာက စကားလုံးပဲရှိတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဥပဒေသည် သာတူညီမျှ ဥပဒေမဟုတ်ဘဲ ဘက်လိုက်ဥပဒေမျိုးဖြစ်နေလို့ ဒီလိုဖြစ်နေကြတာ"ဟု သူက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
လူမှုကွန်ရက်ပေါ်တွင်ပျံ့နှံ့ခဲ့သည့် ဗီဒီယိုဖိုင်အတွင်း နှိပ်စက်ခံခဲ့ရသူ ၅ ဦးမှာ ကျောက်ဆိပ်ကျေးရွာမှ ကိုညီညီအောင် (၂၄ နှစ်)၊ ကိုမျိုးလင်းဦး (၂၄ နှစ်)နှင့် ကိုမောင်ချေ (၂၄ နှစ်)တို့ဖြစ်ပြီး ကျန်နှစ်ဦးအနက် တစ်ဦးမှာ ပုဏ္ဏားကျွန်းမြို့ အလယ်စုရပ်ကွက်မှ ကိုမင်းစိုး (၃၈ နှစ်)နှင့် မြောက်ဦးမြို့နယ် ဇီးပင်ကြီးကျေးရွာမှ ကိုကျော်ဝင်းဟိန်း (၂၂ နှစ်)တို့ဖြစ်သည်ဟု မိသားစုဝင်များမှ သိရသည်။
မြောက်ဦးမြို့နယ်မှ ကိုကျော်ဝင်းဟိန်းသည် စစ်တွေတွင်နေသူဖြစ်ပြီး ကျောက်ဆိပ်ကျေးရွာရှိ လေဖြတ်နေသည့် ဖခင်ဖြစ်သူကို ပြုစုရန်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့ပေါ်မှ ကိုမင်းစိုး ဆိုသူမှာ အကြွေးရရန် ကျောက်ဆိပ်သို့လာစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
သူတို့ ၅ ဦးအပါအဝင် လူပေါင်း ၃၈ ဦးကို တပ်မတော်က AA နှင့်ဆက်နွယ်သည်ဟုဆိုကာ ဧပြီလ ၁၉ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ဧပြီ ၂ဝ ရက်နေ့တွင် ယင်းတို့အထဲမှာ ၃၃ ဦးအား ပြန်လွှတ်ပေးခဲ့သည်။







