လူပေါင်း ၃၀၀၀ ကျော်ရှိသည့် တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် ဆန်ပြတ်လပ်တော့မည်ဟုဆို

လူပေါင်း ၃၀၀၀ ကျော်ရှိသည့် တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် ဆန်ပြတ်လပ်တော့မည်ဟုဆို

ထွန်းခိုင် — ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် ဆန်ရိက္ခာပြတ်လပ်တော့မည်ဟု သတင်းရရှိသည်။

တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် လက်ရှိနေထိုင်သူ လူဦးရေ ၃၂၅၀ ရှိပြီး စခန်းတွင်းရှိ ဆန်မှာ မေလ ၁၁ ရက်ထိအတွက်သာ ကျန်တော့သည်ဟု တိမ်ညိုစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးဝေလှအောင်က ပြောသည်။

"အစိုးရဆီက စားနပ်ရိက္ခာတွေမရလို့ အခုရိက္ခာပြတ်နေပါတယ်။ ဒီနေ့(မေလ ၁၁) တစ်ရက်စာဘဲ ကျန်တော့တယ်။ ဒီနေ့တစ်ရက်ဆိုရင် ကုန်ပါပြီ"ဟု ၎င်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

လွန်ခဲ့သည့် လ ဧပြီ ၄ လပိုင်းကတည်းက အစိုးရဆီက စားနပ်ရိက္ခာထောက်ပံ့ပေးမှုကို မရရှိ ခဲ့ကြောင်း၊ ယခု မေလတွင်လည်း လက်ခံရရှိခဲ့ခြင်း မရှိကြောင်း ၎င်းက ဆိုသည်။

" သင်္ကြန် မကျခင်ကတည်းက ICRC က သူတို့မှာ ရုံးပိတ်ရက်တွေနဲ့ကျမှာစိုးလို့ ကျနော်တို့ကို နှစ်လစာ ကြိုပေးခဲ့တယ်။ အခု အဲဒီနှစ်လစာနဲ့ ရပ်တည်နေရတာပါ။ တကယ်လို့ ICRC ကသာ နှစ်လစာ မပေးခဲ့ဘူးဆိုရင်၊ ၄လပိုင်းအစလောက်ကပင် စခန်းမှာ ရိက္ခာဆိုတာ လုံးဝမရှိဘဲ ဖြစ်နေမှာ"ဟု ၄င်းက ဆက်ပြောသည်။

၄င်းစစ်ဘေးရှောင်စခန်းသို့ ခိုလှုံရန် ရောက်ရှိ လာကြသော ကျေးရွာသားများမှာ အောက်သကန်၊ လက္ကာ၊ ဘူးရွက်မညို၊ ပေါက်ပြင်ကွင်း၊ ဝေသာလီ၊ ဘုရားကြီး အစရှိသော ကျေးရွာပေါင်း ၁၁ရွာ ခန့်ရှိသည်ဟု သိရှိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြောက်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်အား ဆက်သွယ် မေးမြန်းရာတွင် " စားနပ်ရိက္ခာပြတ်နေတာတွေဟုတ်တယ်။ လောလောဆယ်အတွက် မနက်ဖန်မှာ လွှတ်တော်က ပိုက်ဆံ ၅ သိန်း လှူဖို့သွားဖို့ရှိတယ်။ နောက်နေပြီတော့ လူကယ်ပြန်နဲ့ ICRC ကိုလည်း အကြောင်းကြားထားတယ်။ ICRC ကတော့ သန်ဘက်ခါ ပေးဖို့လို့ပြောတယ်" ဟု ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရ ပြောခွင့်ရသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်သို့ ယနေ့ နေ့လယ်က ဖုန်းဆက်ရာ လက်ခံဖြေဆိုခြင်း မရှိသဖြင့် ပြည်နယ်အစိုးရ၏ သဘောထားကို တင်ပြနိုင်ခြင်း မရှိပါ။

၄င်းစစ်ဘေးရှောင်စခန်း၏ အဓိကလိုအပ်ချက်မှာ ဆန်နှင့် ငါးပိနှင့် ဟင်းချိုမှုန့် ဖြစ်ကြောင်းလည်း သိရှိရသည်။

April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...
April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...