ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်များ စစ်တွေမြို့ထိ ရောက်ရှိလာ

ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်များ စစ်တွေမြို့ထိ ရောက်ရှိလာ

မာန်ယုကျော် (ရွှေဝမြေ)၊ နီမင်းထွန်း — ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်များသည် စစ်တွေမြို့ထိ ရောက်ရှိလာကြသည်ဟု သတင်းရရှိသည်။

ထွက်ပြေး ရောက်ရှိလာကြသူများမှာ ပလက်ဝမြို့နယ် စိမ့်စင်းကျေးရွာမှ ဖြစ်ကြပြီး လူပေါင်း ၂ဝ ကျော် ဖြစ်ကြောင်း၊ စစ်တွေမြို့ ဓညဝတီ (က)ရပ်ကွက်ရှိ နန်းရွှေဂူဘုန်းကြီးကျောင်းတွင် ဝင်ရောက်ခိုလှုံ နေကြကြောင်း သိရသည်။

" ရွာအနီးအနားကို ဗုံးကြဲတဲ့အတွက် ကျနော်တို့ မခံနိုင်လို့ ထွက်ပြေးလာရတာပါ။ စားနပ်ရိက္ခာလည်း အိမ်မှာ အပြည့်အဝ ရှိပါတယ်။ အဲဒါတွေကိုလည်း ဘာတစ်ခုမှ မယူခဲ့ရပါဘူး။ ရွာထဲက အိမ်လည်း ၁၅ လုံး မီးလောင် သွားတာရှိပါတယ်။ လက်ရှိ အစိုးရ တာဝန်ရှိသူတွေကတော့ ရွာမှာ ဆက်နေဖို့ပြောပါတယ်။ ကင်းတွေ ဘာတွေ ချပြီး ရွာမှာနေကြဖို့ ပြောပါတယ်။ ဒါပေမဲ့ ရွာမှာက လူတွေက မနေရဲကြတော့ပါဘူး။ ဒီအတွက် ထွက်ပြေးလာကြတာဖြစ်ပါတယ်"ဟု ထွက်ပြေးလာသူတစ်ဦးဖြစ်သည့် ဦးကျော်ရွှေနုက ပြောသည်။

စိမ့်စင်းရွာသည် ရခိုင်နှင့် ခူမီးလူမျိုးများနေထိုင်သည့် ကျေးရွာ တစ်ရွာဖြစ်ပြီး အိမ်ခြေ ၄ဝဝ ခန့်ရှိကာ ထိုအထဲတွင် ရခိုင်လူမျိုး အိမ်ခြေမှာ ၂၀၀ ကျော်ရှိကြောင်း၊ အများစုမှာ ထွက်ပြေး လာကြကြောင်း ၎င်းက ပြော ဆိုသည်။

လက်ရှိတွင် စိမ့်စင်းရွာမှာ ထွက်ပြေးလာသူများမှာ ကျောက်တော်မြို့ပေါ်နှင့် ကန်စောက် စစ်ဘေးရှောင် စခန်းများသို့ ရောက်ရှိနေပြီး စစ်တွေမြို့ပေါ်သို့ ထွက်ပြေးလာသူမှာ ၂၀ ကျော်ခန့် ရှိကြောင်း ၎င်းက ပြောဆိုသည်။

ထွက်ပြေးလာသူတစ်ဦးဖြစ်သည့် ဒေါ်ကြိုင်ရှင်ဖြူက “ အခုလောလောဆယ်က ရွာကို ပြန်လို့ရမယ့်အခြေနေ မရှိပါဘူး။ ကျမကတော့ ဒီမှာ မိုးခိုရတော့မယ်လို့ ထင်ပါတယ်"ဟု ပြောသည်။

လက်ရှိ အချိန်တွင် စစ်တွေမြို့ ဓညဝတီ (က)ရပ်ကွက်ရှိ နန်းရွှေဂူဘုန်းကြီးကျောင်းတွင် အနယ်နယ် အရပ်ရပ်မှ ထွက်ပြေးလာသူ စစ်ဘေးရှောင် ၂၄၈ ယောက် ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် ၂ဝ၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ ယခုအချိန်ထိ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး လက်ရှိ ရခိုင်ပြည်နယ် စစ်ဘေးရှောင်ဦးရေမှာ တစ်သိန်းခြောက်သောင်းကျော် ရှိနေပြီဖြစ်သည်ဟု သိရသည်။

April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...
April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...