KNU ကျန်းမာရေးစစ်ဆေးဂိတ်တစ်ခု တပ်မတော် ဝင်ရောက်နေရာယူ

KNU ကျန်းမာရေးစစ်ဆေးဂိတ်တစ်ခု တပ်မတော် ဝင်ရောက်နေရာယူ

KNU-ကရင်အမျိုးသားအစည်းအရုံးက ဖွင့်လှစ်ထားသည့် Covid -19 ရောဂါကာကွယ်ရေး ကျန်းမာရေးစစ်ဆေးရေးဂိတ်နေရာတွင် တပ်မတော်မှ အင်အား ၂၀ခန့် ဧပြီ ၃၀ ရက်က ဝင်ရောက်နေရာယူ စခန်းချမှုပြုလုပ်ခဲ့ကြောင်း KNU ဘက်က ပြောသည်။

“ကျနော်တို့ ကျန်းမာရေးစစ်ဆေးရေးဂိတ်တစ်ခုဖြစ်တဲ့ မော်စကို(ပေါင်၊ မုတ္တမ)ဒေသ ထုံးဘိုလေးကျေးရွာဂိတ်မှာ မနေ့က (ဧပြီ ၃၀) ညနေ ၃ နာရီလောက်မှာ အထက်က အမိန့်အရ ဆိုပြီး တပ်မတော်ဘက်က စစ်ကြောင်း ၂ ကြောင်းက ဂိတ်ရှိတဲ့ လမ်းကြောတစ်ဖက်မှာ နေရာ လာယူတယ်။ ဒီ မနက်မှာတော့ တပ်မတော်စစ်ကြောင်း ၂ ဖွဲ့ထဲက တစ်ဖွဲ့က သူတို့နေတဲ့ နေရာကို ပြန်တက်သွားတယ်။ ထုံးဘိုလေး ဘုန်းကြီးကျောင်းမှာတော့ တစ်ဖွဲ့ ရှိသေးတယ်”ဟု KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောစိုးမြင့်က  မေ ၁ ရက်တွင် ကေအိုင်စီသို့ ပြောသည်။

 KNU  နယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားသည့် မော်စကိုဒေသရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်များ ဖျက်သိမ်းပေးရန် ပြီးခဲ့သည့်ရက်ပိုင်းက တပ်မတော် အရှေ့တောင်တိုင်း စစ်ဌာနချုပ်-ရတခဘက်မှ ဖိအားပေးမှုများရှိခဲ့ပြီးနောက် ထိုသို့ ဝင်ရောက် နေရာယူခဲ့ခြင်းဖြစ်ကြောင်း ပဒိုစောစိုးမြင့်က ပြောသည်။

ကမ္ဘာ့နိုင်ငံအသီးသီးသာမက မြန်မာနိုင်ငံတွင်ပါ တွေ့ကြုံနေရသည့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်ပတ်သက်ပြီး KNU က ၎င်းတို့နယ်မြေ ဒေသများအတွင်း ကျန်းမာရေးစစ်ဆေးရေး ဂိတ်များဖွင့်လှစ်ကာ ရောဂါကာကွယ်တားဆီးရေး လုပ်ဆောင်နေခဲ့သည်။ ထိုသို့လုပ်ဆောင်နေရာ ကျန်းမာရေးစစ်ဆေးရေးဂိတ်များ ဖျက်သိမ်းပေးရန် တပ်မတော်က ဖိအားပေးမှုများကြောင့် ဂိတ် ၃ ခုကို ဖျက်သိမ်းလိုက်ရပြီဖြစ်ကြောင်းလည်း KNU သထုံခရိုင်တာဝန်ရှိသူများက ပြောသည်။

KNU က သထုံခရိုင်တွင် Covid -19 ရောဂါ ကာကွယ်ရန် ဧပြီလကစ၍ ကျန်းမာရေးစစ်ဆေးရေးဂိတ် ၉ ခု ဖွင့်လှစ်ထားသည့်အနက် မော်စကို၌ ၃ ခု ဖြုတ်သိမ်းလိုက်ရပြီး ဘီးလင်း၊ ဖားအံ၊ ကျိုက်ထိုနှင့် သထုံမြို့နယ်တွင် ၆ ခု ကျန်ရှိနေသေးသည်ဟု သိရသည်။

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အခြေစိုက်ရာဒေသများတွင် ဆောင်ရွက်နိုင်ရန် “Covid -19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီ”ကို ဖွဲ့စည်းလိုက်သည်ဟု မြန်မာအစိုးရ သမ္မတရုံးက ဧပြီလ ၂၇ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော် သမ္မတရုံးမှ ထိုသို့ထုတ်ပြန်ထားသော်လည်း လက်တွေ့ မြေပြင်အခြေအနေမှာ ယခုလို ဖြစ်ပွားသည့်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ဒေသအတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ညှိနှိုင်းပူးပေါင်းမှု ဆောင်ရွက်ရေးနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာဖြစ်လာသည်ဟု KNUဘက်က ပြောသည်။

KNUနှင့် တပ်မတော်အကြား နှစ်ဖက်တင်းမာမှု ဖြစ်ပွားနေသည့် နေရာတွင် စစ်ယူနီဖောင်းနှင့် လက်နက်ကိုင်ပြီး ဝင်ရောက်၍ မရသည့် နေရာဖြစ်သည်ဟု အရှေ့တောင်တိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီးမောင်မောင်လတ်က ဧပြီ ၃၀ရက်တွင် ကေအိုင်စီသို့ ပြောဆိုထားသည်။

<><><>



Photo: KNU

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...