ကြာအင်းဆိပ်ကြီးတွင် သောက်သုံးရေရှားပါးမှု ယခင်နှစ်များထက် ပိုမိုကြုံတွေ့နေရ

ကြာအင်းဆိပ်ကြီးတွင် သောက်သုံးရေရှားပါးမှု ယခင်နှစ်များထက် ပိုမိုကြုံတွေ့နေရ

စောမြတ်ဦးသာ — ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးရွာအများစု၌ ယခုနှစ် တွင် ယခင်နှစ်များထက် သောက်သုံးရေ အခက်အခဲ ပိုမို ကြုံတွေ့လာရသည်ဟု ဒေသခံများထံမှ သိရသည်။

ဖေဖော်ဝါရီနောက်ဆုံးပတ်မှစ၍ မြစ်၊ ချောင်း၊ စိမ့်စမ်းရေများနှင့် လက်ယက်တွင်းများ ရေခန်းခြောက်လာခဲ့ရာ ခလယ်ကျေးရွာအုပ်ချုပ်စု၊ တံခွန်တိုင်ကျေးရွာအုပ်စုနှင့် ဝင်းရော်ဒေသရှိ ကျေးရွာများတွင် သုံးရေရှားပါးမှုအခက်အခဲနှင့် ရင်ဆိုင်နေရပြီး ရေအလှူရှင်များ၏ ရေပေးဝေမှုများအပေါ်တွင်သာ မှီခိုနေရသည်ဟု ဒေသခံများထံမှ သိရသည်။

“ ရွာကတောတောင်တွေလည်းပြုန်းပြီး အစားထိုးအပင်တွေကြောင့် စိမ့်စမ်းရေ အရင်းမြစ်နေရာတွေ ရေအကုန်ခန်းခြောက် ကုန်တယ်။ ငယ်ငယ်က ရွာချောင်းတွေက ၁၂ လရာသီလုံးလုံး ရေရှိနေတယ်။ ကျွဲ နွားတွေ စိုက်ပျိုးရေးအတွက်သုံးရေတွေ အတော်ဒုက္ခရောက်တယ်။ ကျနော်တို့အဖွဲ့ ရေလိုက်ဝေတာ ၂ လခွဲလောက်ရှိသွားပြီး။ မနက် ၆ နာရီကနေ ညနေ ၉နာရီအထိ ရွာပေါင်း ၁ဝ ရွာနီးပါး နေ့စဉ်ရေပို့ပေးရတယ်”ဟု ခလယ်ရွာ သောက်သုံးရေပေးဝေရေးပရဟိတအဖွဲ့ စောဘသော်က ဧပြီလ ၂၄ ရက်တွင် ကေအိုင်စီ သို့ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးရွာအများစုမှာ ဇမိမြစ်နှင့် ဝင်းရော်မြစ်ကြား တောင်ညိုတောင်တန်း၏ အရှေ့ဘက်တွင် ရွာအခြေ တည်ပြီး မိုးရာသီတွင် မြစ်ချောင်းရေနှင့် တောင်ကျရေကြောင့် ကျေးရွာအများစု ရေမြှုပ်ခံရကာ နွေရာသီတွင်လည်း နှစ်စဉ်ရေရှားပါးမှု ပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။

နောင်းဒေ့ရွာ ဦးအောင်ထွန်းက “တပို့တွဲလကတည်းက ရွာမှာ ရေခန်းတာ။ ရွာချောင်းရော၊ ရေတွင်းတွေရော ရေအ ကုန်ခန်းသွားတယ်။ ရေအလှူရှင်တွေလာပို့ပေးတဲ့ရေနဲ့ မှီခိုနေရတယ်။ တစ်ချို့က ကားနဲ့ တစ်မိုင်လောက်ဝေးတဲ့ ခလယ်ရွာ ကနေ သွားသယ်ယူကြတယ်” ဟု ကေအိုင်စီသို့ပြောသည်။

ကျေးရွာများတွင် အဝီစိတွင်းရေ စိမ့်စမ်းရေများ သွယ်တန်းပေးထားပြီး ယခုနှစ်ရာသီဥတု ပိုမိုပူပြင်းလာသည့်အတွက် ရေအ ရင်းမြစ်နေရာအများစု ခန်းခြောက်သွားသလို ကျေးရွာရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် ရေအခက်အ ခဲရှိသည့်အတွက် ပျက်စီးဆုံးရှုံးမှုများ ကြုံရသည်ဟု ဒေသခံများက ပြောသည်။

“ရေရှားတဲ့ရွာတွေကို ဒီနှစ်အဝီစီတွင်း ၆ တွင်း စိမ့်စမ်းရေသွယ်တန်းမှုက ၈ ခု ရေကန်တွေအပါပေါ့နော် လုပ်ဆောင်ထားတယ်။ မြို့နယ်ရေပေးဝေရေးကော်မတီတွေ ဖွဲ့ထားတယ်။ ရေရှားတဲ့ရွာတွေ အသိပေးဖို့ ရွာတွေမှာလည်း ပြောထားတယ်။ ဆောင်ရွက် ပေးသွားမယ်”ဟု ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး စောမြင့်အောင်လင်းက ဧပြီ ၂၅တွင် ကေအိုင်စီသို့ ပြောသည်။

ဇမိမြစ် အနောက်ဘက်ခြမ်း ကျေးရွာများတွင် အတောင် ၃ဝ ကျော် အနက်အထိ လက်ယက်တူးတွင်းအများစု မှာ ရေခန်းခြောက်ကုန် ပြီးဖြစ်၍ သောက်သုံးရေရရှိရန် ချောင်းကမ်းပါးများတွင် ယာယီ လက်ယက်တူးတွင်းများနှင့် အများ သုံးစွဲနိုင်သည့် ယာယီ ရေလှောင်ကန်များ ပြုလုပ်ထားကြရသည်ဟု ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများထံမှ သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...