မျိုးသီရိကျော်၊ နှင်းနွယ် — ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ဧပြီ ၂၂ ရက်ညနေပိုင်းက ပစ်ခတ်မှုများရှိခဲ့သောကြောင့် လူလေးဦး သေဆုံးကာ ခြောက်ဦး ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံက သိရသည်။
သေဆုံးသူများထဲတွင် စန်းဘလေကျေးရွာမှ (၁၇)နှစ်အရွယ် အီစူအာလီဆိုသည့် မွတ်ဆလင်တစ်ဦးလည်းပါဝင်သည်။ ထို့ပြင် မင်းပြားမြို့၊သံထောင်ရပ်ကွက်မှ ကိုသန်းထွန်း (၃၁ နှစ်)၊ ဦးကျော်မြတ်ထွန်း (ခေါ်) ထွန်းနုချေ၊ နရမ်းကျေးရွာမှ ဦးစံဦးကျော် (၆၀ နှစ်)တို့လည်း ကျည်ထိမှန်သေဆုံးသွားသည်။
သံထောင်ရပ်ကွက်တွင် နေထိုင်သူနှစ်ဦးမှာ မြို့ထဲမှတစ်ဆင့် မိမိတို့သံထောင်ရပ်ကွက်သို့ ဆိုင်ကယ်ဖြင့်သွားရာတွင် အလယ်ပိုင်းရပ်ကွက်၊ စွန်ရဲလမ်း၊ မီးစက်ကြီးအနီးတွင် ပစ်ခတ်ခံရ၍ သေဆုံးသွားခြင်းဖြစ်သည်ဟု ကိုသန်းထွန်း၏အစ်ကို ဦးသန်းထိုက်ဦး(ခ)လိပ်ပြာက ပြောသည်။
“အစ်ကိုတစ်ယောက်အနေနဲ့တော့ ဝမ်းနည်းတာပေါ့ဗျာ။ သူတို့နှစ်ယောက်က အရမ်းချစ်ကြတဲ့သူငယ်ချင်း တွေပါ။ သွားအတူလာအတူ။ အခုတော့ သေလည်းအတူတူပေါ့ဗျာ”ဟု ၎င်းကဆိုသည်။
မြို့ထဲသို့တပ်မတော်စစ်ကြောင်းတစ်ခု ဝင်လာသည့်အချိန်တွင် ၁မိနစ်ခန့် ပစ်ခတ်သံများ ကြားပြီးနောက် ၎င်းအနီးနားမှ ဒေသခံတချို့ထွက်ကြည့်ရာ ၎င်းတို့နှစ်ဦး သေဆုံးနေသည်ကို တွေ့ခဲ့ရကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
အလားတူ နရမ်းကျေးရွာမှ ဦးစံဦးကျော်မှာလည်း ကျေးရွာအနီးမှ ကျွဲများကိုယူဆောင်လာစဉ် ရာမောင်တံတားဘက်မှ ပစ်ခတ်လိုက်သည့် ကျည်ဆံကြောင့် ဒဏ်ရာပြင်းထန်စွာရခဲ့သဖြင့် ဆေးရုံ ပို့ခဲ့သော်လည်း သွေးထွက်လွန် သေဆုံးသွားကြောင်း သားဖြစ်သူ ကိုခင်မောင်ဝင်းက DMG သို့ ပြောသည်။
ထို့ပြင်စန်းဘလေ မွတ်ဆလင်ကျေးရွာမှ အီစူအာလီမှာလည်း နရမ်းကျေးရွာအနီး နွားကျောင်းနေစဥ် ပစ်ခတ်သံများကြားသည့်အတွက် မိမိကျေးရွာသို့ ပြန်လာရာလမ်း၌ လက်နက်ကျည် ထိမှန်ခဲ့ကာ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းရွာသည် ရာမောင်းတံတားအနီးတွင် တည်ရှိသည်။
ထိုပစ်ခတ်မှုများကြောင့် စန်းဘလေကျေးရွာမှ နေအိမ်အတွင်း နေထိုင်နေသည့် မွတ်ဆလင် (၆)ဦးမှာလည်း ဒဏ်ရာအသီးသီး ရရှိသွားခဲ့ပြီး နရမ်းကျေးရွာသားများမှာလည်း နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးနေကြရကြောင်း ဒေသခံများထံမှ သိရသည်။
တပ်မတော်၏ ထုတ်ပြန်ချက်တွင် မင်းပြားမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ဧပြီလ ၂၂ ရက်ည ၈ နာရီ ၁၀ မိနစ်ခန့်တွင် မင်းပြားမြို့ဘက်မှ ရာမောင်တံတားဘက်သို့ YAMAHA(FZ) အမျိုးအစား ဆိုင်ကယ်ဖြင့် အမျိုးသား ၂ ဦးမောင်းနှင်လာသည်ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရန် အော်ဟစ်တားမြစ်စဉ် ရပ်တန့်ခြင်းမရှိဘဲ အရှိန်ပြင်းစွာ ဆက်လက်မောင်းနှင်လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးက ခြောက်လှန့်ဟန့်တား ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
အဆိုပါဖြစ်စဉ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အရပ်ဝတ်များ ဝတ်ဆင်၍ လဲကျသေဆုံးနေသည့် ၂၅ နှစ်ခန့်အရွယ်ရှိ အမည်မသိ အမျိုးသား ၁ ဦးနှင့် ၃၀ နှစ်ခန့်အရွယ်ရှိ အမည်မသိ အမျိုးသား ၁ ဦးတို့ကို ဆိုင်ကယ်တစ်စီးနှင့်အတူ တွေ့ရှိရပြီး ၎င်းအနီးမှ အဖြူရောင် ပလပ်စတစ်အိတ်ဖြင့် ထုပ်ထားသည့် မိုင်းထောင်ဖောက်ခွဲရန် အသုံးပြုသည့် ဖြူးစ် ၃ ချောင်း၊ ဝါးညှပ်နင်းခလုတ် ၁ ခုတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်ဟု တပ်မတော်က ထုတ်ပြန်ထားသည်။
ဖြစ်စဉ်အသေးစိတ်သိရှိနိုင်ရန်အတွက် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို DMG က ဆက်သွယ်ခဲ့ရာတွင် ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။
မင်းပြားမြို့နယ် ရာမောင်တံတားအနီးတွင် ဧပြီလ ၂၀ ရက်နေ့က UN တံဆိပ်ပါ WHO ကားတစ်စီးပစ်ခတ်ခံရ၍ ဝန်ထမ်းတစ်ဦးသေဆုံးခဲ့ပြီး ဧပြီလ ၂၁ ရက်နေ့ကကလည်း CPS ပိုးသတ်ဆေး ကုမ္ပဏီမှကားတစ်စီး ပစ်ခတ်ခံရကာ ဝန်ထမ်းတစ်ဦး သေဆုံးသွားသည်။
DMG ကရရှိထားသည့် အချက်အလက်များအရ မင်းပြားမြို့နယ်တွင် ဧပြီလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အတွင်း သေဆုံးသူ (၈)ဦးအထိရှိကာ ဒဏ်ရာရရှိသူ (၁၅)ဦးအထိရှိသည်။







