Covid -19 ရောဂါထိန်းချုပ်ကာလ သစ်တင်ကားကြီးများ သွားလာနေဆဲ

Covid -19 ရောဂါထိန်းချုပ်ကာလ သစ်တင်ကားကြီးများ သွားလာနေဆဲ

နန်းဝေဖြိုးဇာ — Covid -19 ရောဂါထိန်းချုပ်ကာလဖြစ်သည်နှင့်အညီ ဒေသအတွင်း ဝင်ထွက်သွားလာမှု ကန့်သတ်ထားသော်လည်း ကရင်ပြည်နယ် ကော့ကရိတ်-ကျိုက်ဒုံလမ်းပိုင်းတွင်မူ သစ်တင်ကားများ ညစဉ် ဝင်ထွက်သွားလာနေသေးကြောင်း ဒေသခံများက ပြောသည်။

လက်ရှိအချိန်တွင် ရောဂါအခြေအနေကြောင့် အဝင်အထွက်ကန့်သတ် စစ်ဆေးနေသည့်ကြားက သစ်တင်ကားများ ပုံမှန်မပျက် သွားလာနေသည့်အပေါ် ဒေသခံများက ဝေဖန်ပြောဆိုလျက်ရှိသည်။

ယင်းလမ်းမကြီးဘေးတွင် နေထိုင်သည့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ရောဂါကူးစက်မှုတွေရှိလာမှာကိုပါ စိုးရိမ်မှုထပ်တိုးလာတာပေါ့။ ရွာသားတွေက ကော့ကရိတ်ကို စျေး ဆင်းဝယ်ရင်တောင် ရက်၊ အချိန်၊ ကားအစီးရေ အကန့်အသတ်နဲ့သွား လာလှုပ်ရှားနေရချိန်မှာ ဒီလိုတံခါးမရှိဓား မရှိသွားနေတာ တော့အမြင်ဘယ်ရှင်းမလဲ။ ဒါတွေအများသိအောင် အထက်ကသိအောင် လုပ်ပေးစေချင်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

သစ်ကားများ ဝင်ထွက်သွားလာမှု မတ်လကုန်ပိုင်းက အချိန်အတန်ကြာ ရပ်တန့်သွားရာမှ ယခုရက်ပိုင်းတွင်မူ ဝင်ထွက်သွားလာမှုကို ညစဉ် ပြန်လည်မြင်တွေ့ရသည်ဟုလည်း အဆိုပါ ဒေသခံက ဆက်ပြောသည်။

KNU အနေဖြင့် သစ်တောမူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများချမှတ်ဖော်ဆောင်နေသည့်အပြင် သစ်ထုတ်လုပ်မှုကို ပိတ်ပင်တားဆီးနေသော်လည်း အချို့သော နယ်မြေများတွင် အဆိုပါကိစ္စများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

KNU ဗဟိုသစ်တောဌာန တာဝန်ခံ ပဒိုမန်းဘထွန်းက“သစ်ထုတ်လုပ်တာနဲ့ပတ်သက်ပြီး ပိတ်ထားလိုက် တာ ကြာပြီ။ ခရိုင်မှာလည်းပိတ်ထားလိုက်ပြီ။ အောက်မှာ ဒီလိုဆက်ပြီး လုပ်တယ်ဆိုတော့ အခြားအဖွဲ့တွေ လုပ်တာလား သေချာမသိဘူး။ ခရိုင်ကိုဆက်သွယ်ရင် ပိုကောင်းမယ်”ဟု ကေအိုင်စီသို့ပြောသည်။

၎င်းကိစ္စ နယ်မြေအခြေအနေ သိရရန် KNU ဒူးပလာယာခရိုင် တာဝန် ရှိသူများကို ကေအိုင်စီက ဆက်သွယ်သော်လည်း မရရှိခဲ့ပါ။

သစ်ထုတ်လုပ်သည့်နေရာမှာ KNU ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်တွင်ရှိသော်လည်း အခြားသော လက်နက်ကိုင်အဖွဲ့အစည်းများပါ လှုပ်ရှားသွားလာသည့် နယ်မြေဖြစ်သည့်အတွက် အဆိုပါသစ်ကိစ္စတွင် အချို့သောလက်နက်ကိုင်အဖွဲ့များ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပတ်သက်မှု ရှိနေကြောင်းလည်း ဒေသခံများက ပြောသည်။

 ကပ်ရောဂါကြောင့် လူအများစိုးရိမ်ထိတ်လန့်နေရသလို လူဝင်လူထွက် အသွားအလာ ကန့် သတ်ထားချိန်တွင် သစ်တင်ကားများကို ထိုသို့ အခွင့်ထူးပေးပြီး ဝင်ထွက်သွားလာခွင့် မပြုလုပ်သင့်ကြောင်း ကော့ကရိတ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်း၊ သဟဇာတလူငယ်အဖွဲ့မှ စောငြိမ်းမိုးက ကေအိုင်စီသို့ပြောသည်။

“အဲဒီလမ်းတစ်လျှောက်မှာ KNU ဂိတ်တွေရှိတယ်။ အခြားကရင်လက်နက်ကိုင်နဲ့ ပူးပေါင်းပြီး ဖွင့်ထားတဲ့ဂိတ် တွေရှိတယ်။ အဲဒီဂိတ်တွေမှာ လူထုတွေကို အသွားအလာကန့်သတ်ပြီး စစ်ဆေးတာတွေရှိတယ်။ အဲလိုလုပ်တော့ကောင်းတယ်။ ဒါပေမယ့် သစ်ကားတွေကိုတော့ ဒီ ဂိတ်တွေက သွားလာခွင့်ပေးတော့က သူတို့တွေက အခွင့်ထူးခံတွေလားပေါ့။ ဒီမှာရှိတဲ့လက်နက်ကိုင်တွေက မတားဘူးဆိုတော့ ဒီ သစ်ထုတ်တာ သူတို့နဲ့ ပတ်သက်မှုရှိတာကို ပြောလို့ရတယ်” ဟု ကေအိုင်စီသို့ပြောသည်။

သစ်များကို ၁၀ ဘီးကားကြီးများဖြင့် ညပိုင်းအချိန် သယ်ဆောင်နေသည့်အတွက် ကျေးရွာပေါင်း ၁၀ ရွာကျော်နေ ဒေသခံလူထု၏ အိပ်စက်ချိန်ကို အနှောင့်အယှက်ဖြစ်သည်သာမက ဖုန်ထသည့် ဒဏ်ကို နေ့စဉ်နှင့်အမျှ တွေ့ကြုံခံစားနေရကြောင်းလည်း လမ်းဘေးဝဲယာနေ ဒေသခံများက ပြောသည်။

ဒေါနတောင်တန်းနှင့် ယှက်နွှယ်သည့် မုလအိတောကြောတစ်လျှောက်တွင် သက်တမ်းရင့် သစ်များကို ယင်းကဲ့သို့ ခုတ်ယူသယ်ဆောင်သည့်အတွက် သစ်တောများ တဖြည်းဖြည်း ပြုန်းတီးနေပြီဟု ဒေသခံများက ပြောဆိုကြသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...