လူနာအမှတ် ၁၂၁ ၊ ရှုပ်ထွေးလှတဲ့ ထိတွေ့မှု

လူနာအမှတ် ၁၂၁ ၊ ရှုပ်ထွေးလှတဲ့ ထိတွေ့မှု
Photo by NRC
Photo by NRC

နန်းဆိုင်ဖူး — ကိုဗစ် - ၁၉ ပိုးတွေ့လူနာ အမှတ် ၁၂၁ နဲ့ ထိတွေ့ခဲ့တဲ့ လူတွေဟာ အလွန် များပြားပြီး လက်ရှိမှာ သက်ဆိုင်ရာက ရှုပ်ထွေးမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုဖွယ်ရာ ရှိပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကိုဗစ်- ၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၂ ဦး ထပ်တိုး တွေ့ရှိကြောင်း ဧပြီ ၂၁ ရက် ည ၈နာရီမှာ ထုတ်ပြန်ကြေညာခဲ့ပြီး အဲဒီအထဲမှာ တောင်ကြီးက တစ်ဦး ကိုဗစ်လူနာ အမှတ် ၁၂၁ အဖြစ် ပါဝင်လာပါတယ်။

သူကတော့ မတ် ၂၂ရက်မှာ အင်္ဂလန်ကနေ ရန်ကုန်မြို့ကို ပြန်ရောက်လာပြီး Yangon Airport ဟိုတယ်မှာ သီးခြားစောင့်ကြည့်မှု Quarantine ခံယူခဲ့သူ တစ်ဦးပါ။ အဲဒီအချိန်ကတည်းက ခံတွင်း အရသာနဲ့ အနံ့ အာရုံ မရခဲ့ဘူးလို့ သိပါတယ်။ ဒါ့အပြင် ကျန်းမာရေးဆိုင်ရာ စောင့်ကြည့်မှုကာလ ပြည့်မြောက်ပြီး ရန်ကုန်ကနေ ဟဲဟိုးကို Golden Myanmar လေကြောင်းလိုင်း ဧပြီ ၅ ရက် ခရီးစဉ်မှာ ခရီးသည် ၂၈ ဦးနဲ့အတူ လိုက်ပါခဲ့ပါတယ်။

အစောပိုင်းမှာ သက်ဆိုင်ရာက ကောက်ယူရရှိတဲ့ စာရင်းအရ လူနာအမှတ် ၁၂၁ ထိတွေ့ခဲ့သူအရေအတွက် ၁၂ဦးသာ ရှိကြောင်း သိရပြီး တကယ့်လက်တွေ့မှာတော့ ဦးရေ ၅၀ ကျော်ရှိနေပါတယ်။

ဒါ့အပြင် ဆင့်ပွားထိတွေ့မှုတွေကလည်း ထပ်ရှိနေတော့ လူနာအမှတ် ၁၂၁ ရဲ့ထိတွေ့မှုဟာ ရှုပ်ထွေးနေကြောင်းလည်း သက်ဆိုင်ရာဌာနတွေက သုံးသပ်ပြောဆိုလိုက်ပါတယ်။

“သူနဲ့ ထိတွေ့တဲ့သူ အားလုံး ပျှမ်းမျှ ၅၀ လောက် ရှိမယ်။ သူ့မိသားစုဝင်တွေ ပါတယ်။ ပြီးတော့ သွားဆေးခန်း၊ သွားဆရာဝန်လည်း ပါတယ်။ လေယာဉ် အတူတူ စီးတဲ့ သူတွေလည်း ပါမယ်”လို့ ပြည်နယ် အထူး ရောဂါနှိမ်နင်းရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူက ပြောပါတယ်။



Photo by Sai Moe/ တောင်ကြီးမြို့ အပေါ်မြင်ကွင်း

ထိတွေ့ခဲ့သူအားလုံးကို လိုက်ရှာထားပြီး သူသွားခဲ့တဲ့ နေရာတွေ၊ ထိတွေ့ခဲ့တဲ့သူတွေ အားလုံးကိုလည်း ဓာတ်ခွဲနမူနာယူ  ပေးပို့ထားကြောင်း ဒေါက်တာနှင်းအိဖြူက ပြောပြပါတယ်။

“သူ သွားထားတဲ့ နေရာကိုလည်း သူ သေချာပြောပြထားတယ်။ ဒီနေ့တော့ သူ သွားထားတဲ့နေရာ၊ ထိတွေ့တဲ့သူတွေကိုတော့ ဓါတ်ခွဲနမူနာ ယူထားပြီးပြီ”လို့ ဒေါက်တာနှင်းအိဖြူကပြောပါတယ်။

ဆက်လက်ပြီး တွေ့တဲ့သူတွေ စာရင်းအရဆိုရင် “ သူ့မောင်လေးလည်း ပါတယ်။ သူ ခေါက်ဆွဲ စားတဲ့ နောင်မွန် ခေါက်ဆွဲဆိုင်လည်း ပါတယ်။ ထိတွေ့သူအားလုံးကို ဓါတ်ခွဲနမူနာ ယူထားပြီး စစ်ဆေးသွားမယ်”လို့ ဒေါက်တာနှင်းအိဖြူ ကပြောပါတယ်။

လူနာ အမှတ် ၁၂၁ ဟာ တောင်ကြီးမြို့ မြို့မရပ်ကွက်မှာ နေထိုင်သူ ဖြစ်ပြီး ဘုရားဖြူမှာ နေထိုင်တဲ့ ကိုယ်ဝန်ဆောင် မိခင်ထံ မကြာခဏ သွားရောက်လည်ပတ်ခဲ့ပါတယ်။ သူမဟာ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ တောင်ကြီးဈေး၊ တောင်ပေါ်စခန်း ပရဟိတကျောင်း ၊ ဘုရားဖြူရပ်ကွက်၊ သွားဆေးခန်း၊ ရွှေဘုန်းပွင့်စေတီ၊ တောင်ကြီးတောင်ပေါ် ၊ Royal TGI Hotel နဲ့ VX Bar တွေဆီလည်း သွားရောက်လည်ပတ်ခဲ့သေးပါတယ်။

ဒါ့အပြင် လူနာအမှတ် ၁၂၁ ရဲ့ များမြောင်ကျယ်ပြန့်လွန်းပြီး ရှုပ်ထွေးလှတယ်လို့တောင် ဆိုနိုင်တဲ့ ထိတွေ့မှုဖြစ်စဉ်ကို စုံစမ်းရသလောက်ကတော့ တောင်ကြီးမြို့ ရဲစခန်းနဲ့ မြို့မ တရားသူကြီး တို့ကို တိုက်ရိုက် ထိတွေ့ခဲ့ခြင်း မရှိပေမဲ့လည်း Secondary Contant ဆိုတဲ့ ဆက်စပ်ဆင့်ပွား ထိတွေ့မှု ရှိကြောင်း သက်ဆိုင်ရာက ပြောဆိုလိုက်ပါတယ်။

ဒါကြောင့် တောင်ကြီးမြို့မရဲစခန်းနဲ့ မြို့နယ်တရားသူကြီးတို့ကို Secondary Contant ဖြစ်တဲ့အလျောက် အိမ်မှာပဲ အသွားအလာ ကန့်သတ်ထားကြောင်း ( Home Quarantine) ပြုလုပ်ထားကြောင်း ဒေါက်တာ နှင်းအိဖြူက ရှင်းပြပါတယ်။

“မြို့နယ် တရားသူကြီးတွေ၊ ရဲစခန်းက ဝန်ထမ်းတွေက အတည်ပြုလူနာနဲ့ တိုက်ရိုက်ထိတွေ့တာ မရှိဘူး။ အတည်ပြုလူနာကို ထိရိုက်ထိတွေ့ခဲ့သူ၊ နောက်ထပ် ထိတွေ့၊ ထပ်ပြီး ထိတွေ့တာမျိုး Secondary Contant လို့ ခေါ်တာပေါ့” လို့ ဒေါက်တာနှင်းအိဖြူက အသေးစိတ် ရှင်းပြပါတယ်။

လက်တလောအခြေအနေမှာတော့ သူမ တိုက်ရိုက်ထိတွေ့သူ ၅၀ ဦးကို ဓါတ်ခွဲနမူနာ ယူထားပြီး ရောဂါပိုးရှိမှသာ Secondary Contant များကို ဆက်လက်ပြီး ဓါတ်ခွဲ စစ်ဆေးသွားမယ်လို့ သိရပါတယ်။

“အခုက သူတို့က secondary contant ပဲ ရှိနေသေးတာကြောင့် သူတို့ကို အိမ်မှာပဲ Home Quarantine ပဲ ထားထားပါတယ်။ အဖြေထွက်တဲ့ထိတော့ သူတို့ကို အိမ်မှာ နေပေးပါလို့ ပြောထားပါတယ်”လို့ ဒေါက်တာနှင်းအိဖြူက ဆိုပါတယ်။

လူနာ အမှတ် ၁၂၁ ဟာ တောင်ကြီးကို  ဧပြီ ၅ ရက်နေ့က ရောက်ရှိလာပြီး ဧပြီ ၆ ရက်နေ့မှာ  တောင်ကြီးဈေး၊ ၇ ရက်နေ့မှာ လွိုင်ကော်မြို့ရှိ တောင်ပေါ်စခန်း ပရဟိတကျောင်းဆီ  သွားရောက်ခဲ့ပါသေးတယ်။

ဒါ့အပြင်  မြဆေးခန်းမှာ သွားနုတ်ဖို့  ဧပြီ ၈ရက်က သွားရောက်ခဲ့ကြောင်း သိရပါတယ်။

ဧပြီ ၁၉ ရက်နေ့အထိ လူနာအမှတ် ၁၂၁ နဲ့ တိုက်ရိုက်ထိတွေ့ခဲ့သူအားလုံးကို ဓာတ်ခွဲခန်းနမူနာယူ ပေးပို့ထားကြောင်း သိရပါတယ်။

ဒါပေမယ့် လူနာအမှတ် ၁၂၁ ဟာ တောင်ကြီးဈေးမှာ  ဧပြီ ၆ရက်နေ့က ထိတွေ့ခဲ့သူ၊ ကြုံခဲ့သူ ဘယ်နှဦး ရှိမှာလဲဆိုတာ တောင်ကြီးမြို့ခံပြည်သူတွေကြား စိုးရိမ်စိတ်များစွာ ဖြစ်ပေါ်စေခဲ့ပါတယ်။

“ဧပြီ ၆ ရက်နေ့က သူ တောင်ကြီးဈေး သွားထားတယ်။ အဲဒီမှာ ဘယ်သူတွေနဲ့များ ထိတွေ့ခဲ့လဲ။ ဘယ်လောက်များ ကူးနေမလဲ။ ဒါတွေ တွေးပူနေရတယ်”လို့ တောင်ကြီးမြို့နေ  နန်းဇင်က ပြောပါတယ်။

လူနာ အမှတ် ၁၂၁ တောင်ကြီးမြို့မှာ  ၁၀ရက်ကျော်ကြာ သွားလာလှုပ်ရှားလည်ပတ်မှုတွေကြောင့် တောင်ကြီးမြို့ပေါ် လူနာများ ထပ်တိုးလာမှာ၊ အခြေအနေ ဆိုးရွားလာမှာကို ဒေသခံတွေကြား စိုးရိမ်မှုမြင့်တက်နေပါတယ်။

ဒါ့ကြောင့် လက်ရှိအခြေအနေမှာ မိမိနေအိမ် မိမိနေထိုင်ကြပြီး လိုအပ်မှသာ အပြင်ထွက်စေလိုကြောင်းလည်း တောင်ကြီးမြို့မှာ နေထိုင်သူများက ပြောဆိုလိုက်ပါတယ်။

Most read this week

December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...
Photo credit - CJ
December 18, 2025
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ တောင်စလုံးကျေးရွာကို စစ်ကော်မရှင်တပ်နှင့် ၎...