ကျောက်တော်ပစ်ခတ်မှု အရပ်သား ၆ ဦး ဒဏ်ရာရ၊ တစ်ဦးသေဆုံး

ကျောက်တော်ပစ်ခတ်မှု အရပ်သား ၆ ဦး ဒဏ်ရာရ၊ တစ်ဦးသေဆုံး

ရခိုင်ပြည်နယ် ကျောက်တော်မြို့အဝင်လမ်းမှာ ဧပြီလ ၁၆ ရက် ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ အရပ်သား ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် မထွန်းပမေ ၁၂ နှစ်၊ ဒေါ်မတင်ရီ ၅၀ နှစ်၊ ဦးလှကျော်ထွန်း ၆၀ နှစ်၊ မောင်နေဖြိုးထွန်း ၁၄ နှစ်၊ ဦးလှထွန်း(ခ) မောင်ကြီးယေ ၅၂ နှစ်၊ မောင်ဇင်ကို ၁၉ နှစ်တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ဒဏ်ရာရရှိသူများထဲမှ မောင်ဇင်ကိုက ၎င်းတို့ဆိုင်ကယ်ဖြင့်သွားစဉ် အနောက်ဘက်ရှိ ကျောက်တော်အဝေးပြေး ကားဂိတ်အတွင်းမှ ပစ်ခတ်ခြင်းဖြစ်ကြောင်းပြောသည်။

“ကျနော်တို့က ဆောက်လုပ်ရေးလုပ်နေတာပါ။ ကျောက်တော်စိုက်ပျိုးရေးကျောင်းနားကအပြန်လမ်းကွေ့မှာ နောက်ကနေလှမ်းအော်တယ်။ ပြီးတော့ပစ်တယ်။ ကျနော်လူနာတင်ယာဉ်ပေါ် တက်တဲ့အခါတော့ စစ်သားတွေမြင်ခဲ့တယ်။ ပစ်တာက ကားကြီးကွင်းကနေပစ်တာ”ဟု ၎င်းကဆိုသည်။

မောင်ဇင်ကိုအပါအဝင် သုံးဦးသည်ဆိုင်ကယ်ဖြင့်သွားစဉ် ယင်းသို့အပစ်ခံခဲ့ရခြင်းဖြစ်ကာ ၎င်းတွင် တင်ပါးနှင့် ပေါင်တို့၌ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျန်နှစ်ဦးမှာ ထိခိုက်ခဲ့မှုမရှိကြောင်း သိရသည်။

ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူများထဲမှ ဦးခေါင်းတွင်ပြင်းထန်ဒဏ်ရာရရှိခဲ့သူ မောင်နေဖြိုးထွန်း ၁၄ နှစ်မှာ  ကျောက်တော်ဆေးရုံ၌ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း ကျောက်တော်မြို့ခံတစ်ဦးကပြောသည်။

ယခုကဲ့သို့ မြို့အနီးနှင့် လူနေသည့်နေရာအနီးတို့တွင် ပစ်ခတ်မှုများဖြစ်ပွားခြင်းကို သက်ဆိုင်ရာပုဂ္ဂိုလ်များ အနေဖြင့် ပြန်လည်သုံးသပ်စေလိုကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။

“ကျနော်တို့ကအမြဲတမ်းပြောတယ်။ အခုဆိုရင် ကျောက်တော်မြို့ပေါ်မှာ စစ်ဘေးဒုက္ခသည်တွေနဲ့ လူတွေ ပြည့်ကျပ်နေတယ်။ ဒီအခြေအနေမှာ မြို့နားတွေ၊ လူနေတဲ့နေရာတွေအနီးမှာဖြစ်တာတွေကတော့ အပြစ်မဲ့ ပြည်သူတွေကို ထိခိုက်ဖို့ပိုများတယ်။ ဒါကြောင့် မြို့နား၊ ရွာနားတွေမှာဖြစ်တဲ့ကိစ္စတွေကို အတတ်နိုင်ဆုံး သက်ဆိုင်ရာပုဂ္ဂိုလ်တွေကို ပြန်လည်သုံးသပ်စေချင်တဲ့ဆန္ဒရှိတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ဒဏ်ရာရရှိခဲ့သူများထဲမှ မောင်ဇင်ကိုမှာလည်း ကျောက်တော်ဆေးရုံမှ စစ်တွေဆေးရုံသို့ ယနေ့ (ဧပြီလ ၁၇ ရက်)နေ့လည်ပိုင်းကရောက်ရှိလာပြီး အရိုးကုသဆောင်တွင် ဆေးကုသမှုခံယူနေရကြောင်း ဒဏ်ရာရရှိသူများကို ကူညီပေးနေသူများထံမှသိရသည်။

ယခုပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့ကို မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း အဆက် အသွယ်မရရှိခဲ့ပါ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှလည်း ယခုပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဧပြီလ ၁၇ ရက် ညနေ ၄ နာရီအထိ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့်ဧပြီလ ၁၃ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာတွင် လက်နက်ကြီးများ ကျရောက်မှုကြောင့် အရပ်သား ၈ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၁၃ ဦးရှိခဲ့သည်။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...