နှာခေါင်းစည်း တပ်မလာလျှင် ထိုင်ထ အကြိမ် ၃၀ သို့မဟုတ် ငွေတစ်သောင်း ဒဏ်တပ်

နှာခေါင်းစည်း တပ်မလာလျှင် ထိုင်ထ အကြိမ် ၃၀ သို့မဟုတ် ငွေတစ်သောင်း ဒဏ်တပ်
Namlan Media/ မြို့ဝင်၊ထွက်တွင် စစ်ဆေးနေပုံ
Namlan Media/ မြို့ဝင်၊ထွက်တွင် စစ်ဆေးနေပုံ

သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့တွင် နှာခေါင်းစည်း (Mask) မတပ်ဆင်သူများကို ပြစ်ဒဏ်ပေး အရေးယူနေကြောင်း သတင်းရရှိသည်။

“နမ့်လန်မြို့အဝင်မှာ ဌာနဆိုင်ရာတွေ စောင့်တယ်။ Mask မတပ်ရင် ထိုင်ထ အခါ ၃၀ လုပ်ရတယ်။ မလုပ်ချင်ရင် ငွေဒဏ် ၁သောင်း ပေးရတယ်။ ပြီးတော့ Mask ဝေပေးတယ်” ဟု နမ့်လန်ဒေသခံ ကိုနိုင်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

COVID-19 ကို ကာကွယ်ထိန်းချုပ်ရန်နှင့် လူတိုင်း နှာခေါင်းစည်းတပ်ဆင်ပြီးမှ အပြင်ထွက်စေလို၍ ပညာပေးခြင်းဖြစ်ကြောင်းလည်း ကိုနိုင်က ဆိုသည်။

ယင်းသို့ ပြစ်ဒဏ်ပေးခြင်းကို ဧပြီ ၁၅ရက်တွင် စတင်ခဲ့ရာ ယင်းနေ့က နှာခေါင်းစည်း မတပ်ဆင်သူ မရှိသလောက် နည်းပါးကြောင်း နမ့်လန်မြို့ ဖြူစင်နှလုံးသား လူမှုကူညီရေးအသင်းမှ ကိုရန်နိုင်စိုးက ပြောသည်။

ထို ပြစ်ဒဏ်ပေးသည့် စနစ်ကို နမ့်လန်မြို့ မှ သက်ဆိုင်ရာဌာန၊ အဖွဲ့များ ဦးစီးပြီး ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

“စလုပ်တဲ့ ရက်က တော်တော်များများ (နှာခေါင်းစည်း) မတပ်ကြဘူး။ အခုနောက်ပိုင်းတော့ တပ်လာကြတယ်။ ဒီနည်းက အောင်မြင်တယ်လို့ ပြောလို့ ရပါတယ်” ဟု ကိုရန်နိုင်စိုးက ဆိုသည်။

အချို့မှာ ထိုင်ထ အခါ ၃၀ အစား ငွေဒဏ်ကျပ်တစ်သောင်းသာ ပေးဆောင်ခဲ့ကြောင်း၊ ဧပြီ ၁၈ ထိ ဒဏ်ငွေ ကျပ် ၂ သိန်းကျော် ရရှိကာ ထိုငွေဖြင့် နှာခေါင်းစည်းများ ထပ်မံ မှာယူကြောင်း ကိုရန်နိုင်စိုးက ပြန်ပြောပြသည်။

“Mask ကတော့ ကျနော်တို့လက်ထဲမှာ ပြတ်သလောက် ရှိသွားပြီ၊ ရလာတဲ့ ငွေနဲ့ Mask တွေ ထပ်မှာရတယ်။ ငွေတွေ ဒီထဲပဲ ပြန်သုံးပါတယ်” ဟု ကိုရန်နိုင်စိုးက ထပ်လောင်းပြောသည်။

လက်ရှိအချိန်ထိ ထို ပြစ်ဒဏ်ပေးမှုကို ဆက်လက်ပြုလုပ်နေသေးကြောင်း သိရသည်။

ပြစ်ဒဏ်ပေးခံရသူ အများစုမှာ ကျေးလက်နေသူများဖြစ်ပြီး COVID-19 နှင့်ပတ်သက်ပြီး မသိသေးသူများဖြစ်ကြောင်း၊ ရောဂါဆိုင်ရာ ပညာပေးမှု များစွာ ဆက်လက်ပြုလုပ်ရန် လိုအပ်ကြောင်း နမ့်လန်ပြည်သူများက ပြောဆိုလိုက်သည်။

Mask မတပ်ဆင်ပါက ပြစ်ဒဏ်ပေးမှုသည် အဓိက မဟုတ်ကြောင်း၊ လက်ရှိမှာ Mask ဝယ်ရခက်ပြီး ဈေးနှုန်းလည်း အဆမတန် မြင့်တက်နေကြောင်း နမ့်လန်မြို့ ခံ နန်းအေးက ပြောသည်။

“Mask တပ်ဖို့ ပြောပေမဲ့ Mask ဝယ်ဖို့က ခက်နေတယ်။ဆေးဆိုင်တွေတောင် ဝယ်မရတာ။ ကျေးရွာက လူတွေဆို ပိုဆိုးတာပေါ့” ဟု နန်းအေးက ဆိုသည်။

သက်ဆိုင်ရာအနေဖြင့် ပြည်သူများ Mask တပ်ဆင်ရန် အသိပညာပေးခြင်းကို လက်ခံသော်လည်း ဝယ်ယူရ လွယ်ကူအောင် နည်းလမ်းရှာဖွေပေးရမည်ဖြစ်ကြောင်း၊ ထို့ပြင် လူတိုင်း လက်လှမ်းမီသည့် ဈေးနှုန်းဖြင့် ရရန်လည်း လိုကြောင်း နမ့်လန်ပြည်သူများက တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဧပြီ ၁၈ ရက် ည ၉ နာရီထိအခြေအနေမှာ ကူးစက်လူနာ ၉၈ ဦး၊ သေဆုံးသူ ၅ဦး၊ ပြန်လည်ကောင်းမွန်လာသူ ၅ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

Most read this week

December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...
Photo credit - CJ
December 18, 2025
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ တောင်စလုံးကျေးရွာကို စစ်ကော်မရှင်တပ်နှင့် ၎...