အမ်းမြို့နယ်မှ လက်နက်ကြီးကျည်ထိလူနာများ စစ်ဆေးရေးဂိတ်က တားဆီးသဖြင့် ဆေးကုသခွင့်မရပဲ ပြန်လှည့်လာရ

အမ်းမြို့နယ်မှ လက်နက်ကြီးကျည်ထိလူနာများ စစ်ဆေးရေးဂိတ်က တားဆီးသဖြင့် ဆေးကုသခွင့်မရပဲ ပြန်လှည့်လာရ

မျိုးသီရိကျော် — ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်အုပ်စု၊ အလယ်ကျွန်းကျေးရွာတွင်  ဧပြီလ ၁၂ ရက် ည ၈ နာရီ အချိန်ခန့်က လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် အရပ်သား ၁ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိသွား ခဲ့ကြောင်း သိရသည်။

လက်နက်ကြီးကျရောက်မှုကြောင့် နေအိမ်တွင်ရှိနေသည့် မောင်စိုးစိုး(ခ) စိုးငယ် ၁၈ နှစ်မှာ ပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာတွင် သေဆုံးသွားခဲ့သည်။

ထို့ပြင် နေအိမ်အနီး ဗုံးခိုကျင်းတွင်ပုန်းခိုနေသည့် ဦးသန်းအောင် ၅၂ နှစ်မှာ လည်ပင်း၌ပြင်းထန်ဒဏ်ရာရရှိသွား ခဲ့ကာ ဒေါ်တင်မာဝင်း ၄၀ နှစ်နှင့် မောင်မြင့်မြတ် ၁၁ နှစ်တို့မှာလည်း ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

ယင်းသို့ ဒဏ်ရာရလူနာများကို အလယ်ကျွန်းကျေးရွာမှ ဂြိတ်ချောင်းကျေးရွာသို့စက်လှေဖြင့်ယူဆောင်လာပြီး အမ်းဆေးရုံသို့သွားစဉ် ဒါးလက်ချောင်း အသွားအလာများကို စစ်ဆေးနေသည့် စစ်ဆေးရေးဂိတ်မှ တားဆီးသဖြင့် လူနာများကိုသယ်ယူခွင့်မရဘဲ ဖြစ်နေကြောင်း အမ်းမြို့နယ်မှ ကူညီဆောင်ရွက်ပေးနေသူ ကိုမျိုးလွင်က ပြောသည်။

“လမ်းမှာ တပ်မတော်စစ်ဆေးရေးဂိတ် ရှိတယ်။ အဲဒီစစ်ဆေးရေးဂိတ်က လူနာတင်မယ့်အဖွဲ့တွေကို တိုင်းမှူးရဲ့ ခွင့်ပြုချက်၊ ပြည်နယ်အစိုးရရဲ့ခွင့်ပြုချက်ရမှာပဲ ခွင့်ပြုနိုင်မယ်ဆိုတဲ့အဆင့်ကို ရောက်နေတယ်”ဟု ၎င်းက ဆိုသည်။

ကိုမျိုးလွင်က “မနေ့ကည ၈ နာရီကတည်းက ဖြစ်နေတဲ့ပြဿနာက ဒီအချိန်ထိကို ဆေးရုံကိုမရောက်ပဲ၊ ဆေးကုသခွင့်မရဘဲ အခက်အခဲဖြစ်နေရတယ်”ဟု ပြောသည်။

ထိုသို့ လူနာများကို သွားခွင့်မပေးသဖြင့် ဂြိတ်ချောင်းကျေးရွာသို့ လှည့်ပြန်ခဲ့ရသည်ဟုလည်း အမည်မဖော် လိုသည့် ကျေးရွာသားတစ်ဦးက ပြောသည်။

ယမန်နေ့က ဒါးလက်ချောင်းဘယ်ဖက်ခြမ်းရှိ တပ်မတော်ဗျူဟာကုန်းမှ လက်နက်ကြီးပစ်ခတ်သံများကို ကြားရကြောင်း ဒေသခံများကပြောဆိုကြသည်။

အလယ်ကျွန်းကျေးရွာတွင် လက်နက်ကြီးကျရောက်မှုနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...