သင်္ကြန်ကာလ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်က ထောက်ပံ့သည့် စားနပ်ရိက္ခာ ၅ မျိုး ရရှိရန် ကရင်ပြည်နယ် မြဝတီမြို့တွင် အိမ်ထောင်စု (၂၄,၀၁၈) စု စာရင်းတင်ထားကြောင်း သိရသည်။
အမှတ်(၄)ရပ်ကွက်နေ အိမ်ထောင်စု ၂၀၀ စာကို ဧပြီလ ၁၀ ရက် နံနက်ပိုင်းတွင် ရိက္ခာများ စတင်ပေးဝေခဲ့သည်။
မြဝတီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုက “မြဝတီမြို့ပေါ် ရပ်ကွက် ၅ ခုနဲ့ ကျေးရွာအုပ်စု ၁၁ စု တို့မှ ပုံမှန်ဝင်ငွေမရှိတဲ့ အိမ်ထောင်စု ၂၄,၀၁၈ စုစာအတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးတဲ့ စားနပ်ရိက္ခာ ၅ မျိုး ရရှိ စေဖို့ စာရင်းတင်ထားပါတယ်။ ဒီနေ့ (ဧပြီ ၁၀ )မှာတော့ အိမ်ထောင်စု ၂၀၀ စာအတွက် ရိက္ခာပစ္စည်းများရောက်လာ၍ စတင်ပေးဝေခြင်းများ ပြုလုပ်နေပါတယ်”ဟု ပြောသည်။
နောက်တစ်ရက်တွင်လည်း အိမ်ထောင်စု ၁,၀၀၀ စာအတွက် ရိက္ခာ ပစ္စည်းများကို မြို့ပေါ်ရပ်ကွက် ၅ ခုတွင် တစ်ရပ်ကွက်လျှင် အိမ်ထောင်စု ၂၀၀ စာစီပေး ဝေသွားရန်ရှိပြီး ကျန်အိမ်ထောင်စုများကို ရိက္ခာများ ရောက်လာသည်နှင့် ဆက်လက် ဝေမျှပေးသွားမည်ဟုလည်း မြို့နယ်အုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။
အိမ်ထောင်စု ၂၀၀ စာအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန် ရိက္ခာ ၅ မျိုးလွှဲပြောင်းပေး အပ်ခြင်းအခမ်း အနားကို ဧပြီလ ၁၀ ရက်နံနက်က မြဝတီမြို့ အမှတ်(၄)ရပ်ကွက် မေတ္တာလမ်း တောရဘုန်းကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဗိုလ်၊ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ကျန်ခမ်း၊ ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ပေါ်(၅)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ (၁၀၀)ဦးခန့် တက်ရောက်ခဲ့သည်။







