လွိုင်ကော်တွင် ရပ်ရွာ လူဝင်လူထွက်စောင့်ကြည့်မှုများ ပြုလုပ်လာ

လွိုင်ကော်တွင် ရပ်ရွာ လူဝင်လူထွက်စောင့်ကြည့်မှုများ ပြုလုပ်လာ

သန်းထိုက်ဦး — ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ကျေးရွာအချို့တွင် COVID- 19 ရောဂါ ကာကွယ်ရန် ယခုရက်ပိုင်း လူအဝင်အထွက် စောင့်ကြပ်မှုများ ကိုယ်ထူကိုယ်ထစနစ်ဖြင့်  ပြုလုပ်လာကြသည်။

ထေးငှားလျား စံပြ ကျေးရွာ၊ မထောခူ ကျေးရွာအုပ်စု ပိုစာခြံ ကျေးရွာ မထောခူ အပေါ် ကျေးရွာများတွင် ရွာအဝင်လမ်း အားလုံးကို ပိတ်ထားပြီး လုံခြုံရေး အစောင့်များ ချမှတ်ထားခြင်း ဖြစ်သည်။

အခြားနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူများ ခိုးပြီး ပြန်မဝင်လာနိုင်အောင် ယခုကဲ့သို့ လုံခြုံရေး အစောင့်များ ချထားရခြင်း ဖြစ်ကြောင်း ပိုးစာခြံကျေးရွာ ဥက္ကဋ္ဌ ဦးမြသောင်းက ပြောသည်။

“ကျနော်တို့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားတဲ့ အတိုင်းပေါ့လေ၊ ကိုယ်ရွာက နေပြီး တခြားနိုင်ငံမှာ သွားပြီးတော့ ရွေ့ပြောင်းလုပ်သား သွားလုပ်ကြတယ်။ ပြန်လာတဲ့ အခါ ကိုရိုနာဗိုင်းရပ် ရောဂါ မပါအောင် သေချာလေး စိစစ်ရအောင် ကျနော်တို့ ဂိတ်တွေ လုပ်ထားပါတယ်”လို့  ဦးမြသောင်းက ပြောသည်။

သူက ဆက်ပြီး ရွာသူ ရွာသားများ၏ အစည်းအဝေး ဆုံဖြတ်ချက်အရ လုံခြုံရေးကို  ဧပြီလ ၂ ရက်နေ့မှ  ၃၀ ရက်နေ့အထိ လုပ်ဆောင်သွားမှာဖြစ်ပြီး တစ်ရက်လျှင် နှစ်အိမ် အလှည့်ကျ လုံခြုံရေး တာဝန်ယူရမည် ဖြစ်ကြောင်း ဆိုသည်။

အလားတူ ထေးငှားလျား စံပြကျေးရွာတွင်လည်း လုံခြုံရေး ကင်းတဲများထားရှိပြီး အစောင့်အကြပ်များ ချထားသည်ကို မဇ္ဈိမ သတင်းဌာနက စုံစမ်းတွေ့ရှိခဲ့သည်။

ယင်းအပြင်  စောင့်ကြပ်ကြည့်ရှုခြင်း (Facility Quarantine) စင်တာတစ်ခုတွင် သတ်မှတ်ကာလ ၁၄ ရက်ပြည့်ပြီး ဧပြီ ၇ တွင် အိမ်ပြန်ခွင့်ရသူ  ၂၆ နှစ်အရွယ် လူငယ် တစ်ဦးက “အခုလိုထွက်လာ တော့ ဝမ်းသာတာပေါ့။ အိမ်နီးနားချင်းတွေလည်း သံသယ မဖြစ် တော့ဘူး။ အေးအေးဆေး ဆေး နေထိုင်သွားလာလို့ ရသွားပြီ”ဟုပြောသည်။

ရန်ကုန်မှ ပြန်လည်ရောက်ရှိလာပြီးနောက် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးထံ အကြောင်းကြားကာ လွိုင်ကော် သူနာပြု၊ သားဖွား သင်တန်းဆောင်တွင် ဖွင့်လှစ်ထားသည့် သီးခြားထားရှိ စောင့်ကြည့်စင်တာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သူက ဆိုသည်။

လွိုင်ကော်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းနေဝင်းက “ ကျေးရွာရောက်ရင် ရပ်ကွက်၊ ကျေးရွာတွေက သူသည် မြန်မာနိုင်ငံ ပြန်ရောက်တဲ့ အချိန်ကနေ ၁၄ ရက်တိတိ နေခဲ့ပြီးပြီဆိုတဲ့ အတွက်ကြောင့် သူ့ကို စိတ်ချလက်ချနဲ့ လက်ခံမယ်ပေါ့။ သို့မဟုတ်ဆိုရင်တော့  ရပ်ကွက်ကျေးရွာတွေက အခု ရွာထဲကို အဝင်မခံတာတို့၊ ဘာတို့ ရှိတယ်။ အဲဒါကြောင့် သက်သေခံ လက်မှတ်နဲ့ဆိုရင် ရပ်ရွာကလည်း စိတ်ချရတာပေါ့” ဟု ရှင်းပြသည်။

စောင့်ကြည့်စင်တာမှ ပြန်သွားသူများအနေနှင့်လည်း လူစုလူဝေး ရှောင်ကြဉ်ရန်၊ မလွှဲသာမရှောင်သာ သွားလာရပါက နှာခေါင်းစည်း တပ်ရန်နှင့်  လက်ဆေးရန် စသည့် ကျန်းမာရေး အသိပညာပေးမှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်ပမှ ပြန်လည် ဝင်ရောက်လာသူများအတွက် Facility Quarantine စင်တာများကို  လွိုင်ကော် သူနာပြုသားဖွား သင်တန်းကျောင်းအပြင် သာသနာ့ဗိမာန်နှင့် အား/ကာသိပ္ပံကျောင်းတို့တွင်လည်း  ဖွင့်လှစ်ထားကြောင်း သိရသည်။

March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...
March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...
March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...