တရုတ်-မြန်မာနယ်စပ်အနီး၊ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့တွင် ပြည်တော်ပြန်များကို သီးခြားထားရှိ စောင့်ကြည့်စင်တာ Qurantine နေရာ သတ်မှတ်ရန် စီစဉ်နေမှုအပေါ် သဘောမတူကြောင်း သက်ဆိုင်ရာသို့ ဒေသခံများက ကန့်ကွက်စာ ပေးပို့ထားသည်ဟု သိရသည်။
လက်ရှိ ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ် Covid-19 ကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်တော်ပြန် သီးခြားစောင့်ကြည့်စင်တာ ထားရှိရန် ဆဒုံးမြို့ အထက်တန်းကျောင်းနှင့် မူလတန်းကျောင်းနေရာများတွင် စီစဉ်နေခြင်း ဖြစ်သည်။
“မနေ့က အုပ်ချုပ်ရေးဘက်က ဒေသခံတွေကို ခေါ်ပြီးတော့ အစည်းအဝေး ခေါ်လုပ်ကြတယ်။ သူတို့ဘက်ကတော့ ဒီကျောင်းမှာ ပြည်တော်ပြန်တွေကို ထားဖို့၊ ပြီးတော့ လိုအပ်တဲ့ ကျန်းမာရေးနဲ့ ပတ်သက်တာ အားလုံး တာဝန်ယူပေးမယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ ဆဒုံးဘက်မှာက သက်ဆိုင်ရာတွေဘက်က ခုချိန်ထိ ဒီရောဂါနဲ့ပတ်သက်ပြီး ဂိတ်ပိတ်တာတွေလည်း မရှိသေးဘူး။ တာဝန်ယူမူအပိုင်း ၊ ကြိုတင်ပြင်ဆင်ထားတဲ့အပိုင်းလည်း ဘာမှ မတွေ့ရဖူးတော့ ဒေသခံတွေအနေနဲ့ စိုးရိမ်စရာတွေ ဖြစ်နေတယ်” ဟု အမည်မဖော်လိုသူ ဆဒုံးဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG သို့ ပြောသည်။
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် နေရပ်ပြန်လာသူများကို Quarantine လုပ်ရမည့်အပြင် စည်ပင်ဈေးများ အချိန်အကန့်အသတ်ဖြင့်ရောင်းချခြင်း၊ စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာရောင်းချခြင်း စသည်
ယင်းတို့ကို လိုက်နာရန် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရ၏ ဒေသန္တရအမိန့်အရ ညွှန်ကြားထားသော်လည်း ဆဒုံးမြို့တွင်မူ တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။
ပြည်နယ်အစိုးရ၏ ဒေသန္တရအမိန့် ကြေညာစာအတိုင်း ဆဒုံးမြို့တွင်လည်း သတ်မှတ်ကာလတွင် ဈေးပိတ်၊ ဂိတ်ပိတ်ခြင်း၊ စားသောက်ဆိုင်များတွင် ပါဆယ်စနစ်ဖြင့်သာ ရောင်းချခြင်းနှင့်အတူ ကျန်းမာရေးစစ်ဆေးမှုများ ထိရောက်စွာ လုပ်ဆောင်ပေးရန် ဒေသခံတို့က လိုလားနေကြသည်။
"ဒေသခံတွေ အားလုံးနီးပါးကတော့ ကန့်ကွက်တဲ့သူတွေပဲ။ အဲဒါကြောင့် အားလုံး လက်မှတ် ရေးထိုးထားတဲ့ ကန့်ကွက်စာကို တင်ထားပါတယ်"ဟု ၎င်းက ဖြည့်စွက်ပြောသည်။
ဒေသခံများက အဆိုပါကိစ္စ ကန့်ကွက်စာကို သက်ဆိုင်ရာသို့ တင်ပြထားခြင်း ဖြစ်သည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက“ ပြည်သူ့အစိုးရပါ ပြည်သူသဘောမတူရင် မလုပ်ပါဘူး"ဟု ဆိုသည်။
ပြည်သူများ သဘောမတူရသည့် အကြောင်းရင်းကို ကွင်းဆင်းစိစစ်ပြီး လက်ခံနိုင်လောက်သည့် အနေအထားရောက်ရှိမှ စီစဉ်မည်ဟု ပြည်နယ်ဝန်ကြီးက ဆိုသည်။
"အကယ်များ လက်မခံနိုင်ဘူးဆိုရင်တော့ အခြား နည်းလမ်း စဉ်းစားပြီး လုပ်ပါ့မယ်”ဟုလည်း ၎င်းကပြောသည်။
လက်ရှိ ကချင်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်သံသယရှိသူ ၂၂ ဦးရှိခဲ့ပြီး ဆေးစစ်ဆေးချက်များအရ ရောဂါပိုး မတွေ့ရှိသေးပေ။







