စောမြတ်ဦးသာ — Covid -19 ရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် ယခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ကာလတွင် မဏ္ဍပ်ဆောက်လုပ်ခြင်း၊ လူစုလူဝေးဖြင့် ပွဲတော်ကျင်းပဆင်နွှဲခြင်းများ ခွင့်ပြုမည်မဟုတ်ကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က ပြောသည်။
“သင်္ကြန်ကာလမှာ မဏ္ဍပ်တွေ ဆောက်ခွင့် မပေးဘူး။ ခွင့်ပြုချက် ပေးမှာ မဟုတ်ဘူး။ လူစုလူဝေးနဲ့ မကျင်းပအောင်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကနေ ကျေးရွာတွေကို ညွှန်ကြားထားတယ်။ အိမ်မှာ ပွဲသေးလေးတွေ ကျင်းပပြီးတော့ ကိုယ့်ဆွေမျိုးတွေနဲ့ သင်္ကြန်အတွက် အထိမ်းအမှတ်လုပ်တာတို့က ကျနော်တို့ လက်ခံထားပါတယ်”ဟု ကရင်ပြည်နယ်လူမှုရေးဝန်ကြီးက မတ်လ ၂၁ ရက်တွင် ကေအိုင်စီသို့ ပြောသည်။
Covid -19 ရောဂါကာကွယ်ရေးအနေဖြင့် မိမိကိုယ်ကိုဖြစ်စေ၊ ပတ်ဝန်းကျင်၌ ဖြစ်စေ ရောဂါသံသယရှိလျှင် နီးစပ်ရာ ကျန်းမာရေးဌာန၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတို့ထံ ဆက်သွယ်ပြီး အားလုံး ပူးပေါင်း ဆောင်ရွက်ကြရန် ဝန်ကြီးက တိုက်တွန်းသည်။
ကမ္ဘာအဝန်း ပြန့်ပွားနေသည့် Covid -19 ရောဂါကြောင့် ကရင်ပြည်နယ် ထိုင်း- မြန်မာနယ်စပ်ဂိတ်မှ သွားလာသူများကို ကျန်းမာရေးစစ်ဆေးမှု ဆောင်ရွက်လျက်ရှိပြီး မဲဆောက်-မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတားမှအပ ကျန် လမ်းကြောင်းအားလုံး မတ်လ ၂၁ရက်နေ့မှစ၍ အဝင်အထွက် ဆိုင်းငံ့ထားပြီ ဖြစ်သည်။
ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသ သင်္ကြန်ယိမ်းအကပွဲတော် ဦးဆောင်ကျင်းပသူ စောရှားဖောင်က “ ပြည်နယ်၊ မြို့နယ်အဆင့်တွေမှာ လူစုလူဝေး မလုပ်ဖို့ ညွှန်ကြားချက်တွေရှိတော့ ဒီနှစ် သင်္ကြန်ပွဲ မကျင်းပဖြစ်တော့ဘူးပေါ့နော်။ ထိုင်းနယ်စပ်နဲ့လည်းနီးနေတော့ ပြည်ပကနေ သင်္ကြန်ပြန်လာကြသူတွေ များတယ်။ ရောဂါဖြစ်ပွားလာခဲ့ရင် အရမ်း အန္တရာယ် များသွားမယ်”ဟု ကေအိုင်စီ သို့ပြောသည်။
ကရင်ပြည်နယ် ဖားအံမြို့ရှိ အစိုးရဌာနဆိုင်ရာသင်္ကြန်မဏ္ဍပ်များနှင့် သံလွင်မြစ် ကမ်းနားလမ်းတစ်လျှောက် သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ခြင်း မပြုတော့သည့်အပြင် ဖားအံမြို့ ချစ်သူမြိုင်ဥယျာဉ်ရှိ အတာသင်္ကြန် ယိမ်းအကပြိုင်ပွဲကိုလည်း ယခုနှစ်တွင် ကျင်းပတော့မည်မဟုတ်ကြေင်း သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်။







