ထိုင်းဘက်ခြမ်း စက်ရုံ အလုပ်ရုံများ ပိတ်၊ နယ်စပ်တွင် မြန်မာလုပ်သား ၆,ဝဝဝ ကျော် အလုပ်လက်မဲ့ ဖြစ်

ထိုင်းဘက်ခြမ်း စက်ရုံ အလုပ်ရုံများ ပိတ်၊ နယ်စပ်တွင် မြန်မာလုပ်သား ၆,ဝဝဝ ကျော် အလုပ်လက်မဲ့ ဖြစ်

စောမြတ်ဦးသာ — ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် စံခရဘူရီရှိ စက်ရုံအလုပ်ရုံအများစုမှာ မတ်လ ၂၁ ရက်ကစ ပိတ်ထားလိုက်သဖြင့် ထိုင်းဘက်ခြမ်းစက်ရုံများတွင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့မှ နေ့စဉ် သွားရောက်လုပ်ကိုင်နေသူ မြန်မာအလုပ်သမား ၆,ဝဝဝ ကျော် အလုပ်လက်မဲ့ ဖြစ်သွားကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများထံမှ သိရသည်။

“ထိုင်းဘက်က စက်ရုံတွေ ၂၁ ရက်နေ့က အကုန်လုံး ပိတ်လိုက်တော့ ခန့်မှန်း မြန်မာအလုပ်သမား ၆,ဝဝဝ ကျော်လောက် အလုပ်လက်မဲ့ ဖြစ်ကုန်တယ်။ အခန်းငှားပြီး နေထိုင်စားသောက်ရတော့ အခက်အခဲဖြစ်ကုန်ကြတယ်” ဟု ဘုရားသုံးဆူမြို့ အလုပ်သမားအရေးဆောင်ရွက်နေသူ ကိုသက်နိုင်က မတ်လ ၂၂ ရက်တွင် ကေအိုင်စီသို့ ပြောသည်။

ထိုင်းဘက်ခြမ်းတွင် COVID -19 ကိုလိုနာဗိုင်းရပ်စ်ပိုး ကူးစက်ရောဂါကြောင့် ကား၊ ဆိုင်ကယ်၊ လူများ ဝင်ထွက်သွားလာမှု ဆိုင်းငံ့ထားပြီး ဖုန်း စတေကာ၊ အိတ်၊ အထည်ချုပ်၊ ဖိနပ်စသည့် စက်ရုံအလုပ်များကိုလည်း ပိတ်ထားလိုက်ပြီဟု  သူက ပြောသည်။

ထို့အပြင် ယင်းမှ ပြန်လာသူများကို ဘုရားသုံးဆူနယ်စပ်ဂိတ်တွင် ကျန်းမာရေးစစ်ဆေးမှု ခံယူပြီးမှသာ ပြန်ဝင်ခွင့်ပြုကြောင်း တာဝန်ရှိသူများက ပြောသည်။

ကျောပိုးအိတ်စက်ရုံတွင် သွားရောက်လုပ်ကိုင်သူ ဘုရားသုံးဆူမြို့နေ ကိုနိုင်က “ အလုပ်သမားဂိတ်တွေမှာ ပေးမတက်တော့ တစ်ယောက်မှ အလုပ်ဆင်းလို့ မရဘူး။ ထိုင်းဘက်ကို ကူးလို့ မရဘူး။ အလုပ် မလုပ်ရတော့ အခန်းခ၊ စားဝတ်နေရေးတွေ အခက်အခဲ ရှိသွားတာပေါ့။ တစ်ချို့စက်ရုံတွေတော့ ၁၄ ရက်ပိတ်မယ်။ တစ်ချို့လည်း အောက်ဘက်ကို ပြန်ကုန်ကြပြီ” ဟု ကေအိုင်စီသို့ ပြောသည်။

ဘုရားသုံးဆူမှာ နှစ်နိုင်ငံအစိုးရ တရားဝင် ခွင့်ပြုထားသည့်  နယ်စပ်ဂိတ် မဟုတ်သော်လည်း နယ်စပ်ဖြတ်ကျော် မြန်မာအလုပ်သမားများ နေ့စဉ် ဖြတ်သန်းသွားလာရာ ဂိတ်တစ်ခု ဖြစ်သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဘုရားသုံးဆူ နှင့် ပိုင်ကလန် (ကျိုက်ဒုံ) အပါအဝင် နယ်စပ် အဝင်အထွက်ဂိတ်များအားလုံး မတ်လ ၂၃ရက်နေ့မှ စတင်ကာ ပိတ်ထားတော့မည်ဟု နှစ်နိုင်ငံအစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...